တရားဥပဒေစိုးမိုးရေးက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ အသိအမြင်၊ စည်းကမ်းလိုက်နာရေးတွေ အများကြီး လိုအပ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ယူမှုရှိတဲ့ တရားဥပဒေစိုးမိုးရေး အထူးလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်အမာကြည်က ပြောပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက်ပုံမှန်အစည်းဝေး ၁၀ ရက်မြောက်နေ့မှာ ကော်မတီရဲ့ (၅) နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို တင်သွင်းခဲ့တာပါ။ အစီရင်ခံစာမှာ ခေတ်နှင့်မလျော်ညီ၊ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်၊ ပယ်ဖျက်ပေးတာ၊ လာဘ်ပေးလာဘ်ယူတွေကို ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေနဲ့ ထိထိရောက်ရောက် တိုင်ကြားရန်လိုအပ်တာ၊ လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးတာ၊ ပြည်သူတွေက တည်ဆဲဥပဒေတွေကို လက်လှမ်းမှီ သိရှိစေရန်နဲ့ လိုက်ပါကူညီဆောင်ရွက်ပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေကို ပိုမိုအားကောင်းလာစေဖို့ စည်းရုံး ဖွဲ့စည်းဆောင်ရွက်ပေးတာ စတဲ့ အချက် (၉) ချက်ကိုလည်း ဆောင်ရွက်ပေးသင့်တယ်လို့ သုံးသပ်အကြံပြုထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေနဲ့ (၅) နှစ်တာကာလ အတွင်း မုံရွာမြို့နယ်တရားရုံမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ တရားစွဲဆိုခံထားရသူတွေရဲ့ တောင်းဆိုချက်တွေကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) အရ တရားစွဲခြင်းခံရတဲ့ အမှုတွေကိုလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရုံး ကြေငြာချက်အမှတ် ၂/၂၀၁၆ နှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ထပ်မံဖော်ပြထားပါတယ်။ ကော်မတီအနေနဲ့ ၅ နှစ်တာကာလအတွင်း အဂတိတိုက်ဖျက်ရေးကိစ္စ၊ လယ်ယာမြေကိစ္စ၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးကိစ္စ စတာတွေကိုလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ ကော်မတီဉက္ကဌက ပြောပါတယ်။ တရားစီရင်ရေးအတွက် ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းတွေ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးတာ၊ ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်မှာ သက်ဆိုင်သူတွေရဲ့ ရပိုင်ခွင့်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရရှိရေး ညှိနှိုင်းပေးတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ပြဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတွေ နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် အားပေးကူညီရမယ့် လုပ်ငန်းတာဝန်တွေက ကော်မတီရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်တွေဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါသေးတယ်။ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းတင်သွင်းကြဖို့ကိုလည်း လွှတ်တော်ဉက္ကဌက ကြေငြာခဲ့ပါသေးတယ်။