Home > သတင်း > ဒေသတွင်းသတင်း > ချင်းတွင်းတံတားတည်ဆောက်ချိန်က နစ်နာခဲ့တဲ့ မြေယာအတွက် လျော်ကြေးပေးအပ်နိုင်ဖို့ တိုင်းလယ်/စီမှာ စီစစ်နေ

ချင်းတွင်းတံတားတည်ဆောက်ချိန်က နစ်နာခဲ့တဲ့ မြေယာအတွက် လျော်ကြေးပေးအပ်နိုင်ဖို့ တိုင်းလယ်/စီမှာ စီစစ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ချင်းတွင်းမြစ်ကို ဖြတ်တည်ဆောက်ထားတဲ့ ချင်းတွင်းတံတား (မုံရွာ) တည်ဆောက်စဉ်က နစ်နာခဲ့တဲ့ ယင်းမာပင်မြို့နယ်က မြေပိုင်ရှင်တွေကို လျော်ကြေးပေးနိုင်ဖို့ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က စီစစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ လမ်းပန်း၀န်ကြီးက ပြောပါတယ်။ ဩဂုတ်လ (၂၈) ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ယင်းမာပင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ခင်နှင်ရီက တံတားစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ မြေပိုင်ရှင်တွေအတွက် မြေယာလျော်ကြေး သို့မဟုတ် အစားထိုးမြေယာပြန်ပေးရေးနဲ့ပတ်သက်လို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာပါ။

“တံတားစီမံကိန်းနဲ့ဆက်စပ်ပြီး နစ်နာခဲ့ရတဲ့ မြေပိုင်ရှင်တွေရဲ့ မြေ (၄.၀၁) ဧကအတွက် တစ်ဧကကို ကျပ်သိန်း (၁၂၀) နှုန်းနဲ့ သိန်း (၄၈၀) ကျော် နစ်နာကြေးပေးဖို့ ယင်းမာပင်ခရိုင် မြေ၊စစ်ကော်မတီက စီစစ်တွက်ချက်ပြီး တိုင်းဒေသကြီးလယ်/စီကို တင်ပြထားသလို ဈေးနှုန်းအတည်ပြုချက်နဲ့ အထက်အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရရှိပါက အနီးစပ်ဆုံးရန်ပုံငွေ စာရင်းမှာ ထည့်သွင်းပြီး ခွင့်ပြုရန်ပုံငွေရရှိပါက လျော်ကြေးပေးအပ်သွားနိုင်ရေး ဆောင်ရွက်သွားမယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်၀င်းက လွှတ်တော်မှာ ပြန်လည်ဖြေကြား ပြောဆိုခဲ့တာပါ။

ချင်းတွင်းတံတား(မုံရွာ)ကို လွန်ခဲ့တဲ့ နှစ်(၂၀) ၀န်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး တံတားစီမံကိန်းကြောင့် ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာ ရွှေ့ပြောင်းခဲ့ရတာပါ။ ကျေးရွာအသစ်ပြောင်းရွေ့ရာမှာ ဒေသခံတောင်သူတစ်ဦးရဲ့ မြေ (၄) ဧကကျော်ပေါ်မှာ အကွက်ရိုက် ချထားပေးခဲ့တာဖြစ်ပြီး မူလမြေပိုင်ရှင်အနေနဲ့ လက်ရှိအချိန်ထိ နစ်နာကြေးမရသေးတာလည်းဖြစ်ပါတယ်။ ချင်းတွင်းတံတား(မုံရွာ)က မုံရွာမြို့နှင့် ယင်းမာပင်မြို့နယ်ကို ဆက်သွယ်ထားတာဖြစ်ပြီး အဲဒီကတဆင့် ပုသိမ်-မုံရွာလမ်း၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မုံရွာ-ယာကြီး-ကလေးဝလမ်းတို့နဲ့ ဆက်သွယ်ထားတာလည်း ဖြစ်ပါတယ်။

error: Content is protected !!