စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု့ဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ဆက်စပ်ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ချင်းတွင်းမြစ်ကြောင်းတလျှောက် ရေဝင်အရပ်မှာ နေထိုင်ကြသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ကို အသိပေး နှိုးဆော်တာတွေ ပြုလုပ်နေပါတယ်။
မိုလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခန့်အချိန် ထုတ်ပြန်ချက်တွေအရ ချင်းတွင်းမြစ်ရေက မင်းကင်းမြို့နယ်မှာ ၆၁ စင်တီမီတာထိ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ အနိမ့်ပိုင်းရေဝင်ရပ်တွေမှာ နေအိမ်တွေထဲ ရေဝင်တာတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေလည်း ရှိနေပါတယ်။ မြစ်ရေကြောင့် လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။ မြစ်ရေကြီးနေတဲ့အတွက် မြစ်ကမ်းဘေးနေသူတွေ၊ ရေဝင်ရပ်မှာ နေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ နေ့စဉ် ဆော်ဩတာတွေလည်း ပြုလုပ်နေကြပါတယ်။ လက်ရှိမှာ ချင်းတွင်းမြစ်ရေက မင်းကင်းမြို့အပါအဝင် ချင်းတွင်းမြစ်ကမ်းတလျှောက်က မြို့ ၆ မြို့မှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေပါတယ်။