Home > သတင်း > ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ရေ တဖန်ပြန်လည် မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်။

ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ရေ တဖန်ပြန်လည် မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်။

ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေကြောင့် နောက် ၃ ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်တဲ့အတွက် ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေက ချင်းတွင်းမြစ်တလျှောက် ရေဝင်ရပ် အနိမ့်ပိုင်းမှာ နေသူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ညနေ  ၃ နာရီခွဲအချိန် မိုးဇလရဲ့ တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေက ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၂ ပေခန့် နှင့် ဖောင်းပြင်မြို့မှာလည်း မြို့ရဲ့စိုးရိမ်ရေအမှတ်အောက် ၃ ပေခန့်မှာ ရောက်ရှိနေတဲ့အတွက် နောက် ၃ ရက်အတွင်း ဒီမြို့တွေရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တာပါ။ အခုလအစောပိုင်းကလည်း ချင်းတွင်းမြစ်ရေမြင့်တက်ခဲ့လို့ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့မြို့တွေမှာ စိုးရိမ်ရေအမှတ်တွေ ကျော်လွန်ခဲ့ပါသေးတယ်။ လဆန်းပိုင်းက မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတို့ မြင့်တက်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း ကသာ၊ ထီးချိုင့်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ မင်းကင်း စတဲ့ မြို့နယ်တွေမှာ လူဦးရေ ၁၀၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပါသေးတယ်။ ဇူလိုင်လအတွင်း မြစ်ရေတက်လို့ ရေဝင်ပြောင်းရွှေ့ရမှုအနေနဲ့လည်း ၂၅ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။

#ချင်းတွင်းမြစ် #သတိပေးချက် #မိုးဇလ #မျက်မှောက်ခေတ်

error: Content is protected !!