စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတားဂိတ်မှာ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက သက်သေခံအထောက်အထားတစ်စံတစ်ရာ မပြနိုင်ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် အခကြေးငွေရယူကာ ကားနဲ့လိုက်ပါပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးကို မူးယစ်တပ်ဖွဲ့စုကနေ ဖမ်းဆီးထိမ်းသိန်းခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စုက မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင် စစ်ဆေးနေစဉ်မှာ အဆိုပါ အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသားတွေကို ရှာဖွေတွေ့ရှိ ဖမ်းဆီးခဲ့တာပါ။ အိန္ဒိယနိုင်ငံသားတွေက မန္တလေးကနေ တမူးကို သွားနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လဝက ဦးစီးအရာရှိကနေ တရားလိုပြုလုပ်ကာ မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ လတ်တလောမှာတော့ ဖမ်းဆီးခံရသူတွေကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီး အချုပ်ခန်းမှာ ချုပ်နှောင်ထားရှိကာ ကွာရင်တင်း ၂၁ ရက်စောင့်ကြည့်နေပြီး အိန္ဒိယနိုင်ငံသား ၄ ဦးကို လဝကဉပဒေပုဒ်မ ၁၃(၁)အရလည်းကောင်း၊ အခကြေးငွေရယူကာ လိုက်ပါပို့ဆောင်ပေးတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းကိုတော့ လဝကဉပဒေပုဒ်မ ၁၃(၅)တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်း သတင်းတွေအရ သိရပါတယ်။