စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အသေခံဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာတွေကို အရှိန်မြှင့် ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လ ၁၅ရက်နေ့က မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ကြတဲ့ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော်၂ ပါးနဲ့ အသက်ကြီးပိုင်း အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“သက္ကယ်ကျင်းက စစ်ရှောင်တွေနေတဲ့ကျောင်း ချသွားတာ၊ တိုက်ပွဲဖြစ်တာတော့မရှိဘူး၊ဒါပေမယ့် အဲ့ဒီနေ့ကမြို့ထဲ(မုံရွာ)ပစ်တာရှိတယ်၊ထွက်မယ်ထင်တဲ့ လမ်းကြောင်း ချသွားတာ” လို့ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ရွာထောင်တောရဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ၀င်ရောက်ပစ်ခတ်ခဲ့တယ်လို့ မုံရွာနတ်ဆိုးLPDFအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်တပ်က ၄ ယောက်သေပြီး စစ်ကူလာတဲ့ ကား၂ စီး ပျက်စီးမှုရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“အခုကြ ဒီကောင်တွေ(စစ်တပ်)က ဆူစိုက်(အသေခံဒရုန်း)တွေ လွှတ်နေတာ၊ ဒီရက်ပိုင်းထဲကို အဲ့ဒီ သက္ကယ်ကျင်း၊မုံရွေး၊ကြေးမုံ လုပ်သွားတာရှိတယ်၊မုံရွေးဘက်ကတော့ လူထိခိုက်တာမရှိဘူး” လို့မုံရွာမြို့နယ် ပကဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န၊မ၊ခ)တပ်ကနေ အသေခံဒရုန်တွေအသုံးပြုပြီး ဘုတလင်မြို့နယ်အတွင်းထိ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာလည်း မုံရွာမြိုနယ်တောင်ခြမ်း မရိုးကုန်းကျေးရွာနဲ့ ချောင်းဆုံကျေးရွာကြားကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေနေကိုတော့ လတ်တတော့ မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုံစာ – စစ်တပ်အသုံးပြုသည့် အသေခံဒရုန်း






