Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဆောနယ်မှာ သက်ငယ်မဒိန်းမှု၊ လူသတ်အလောင်းဖျောက်မှုတွေနဲ့သေဒဏ်ချခံထားရသူ ချုပ်နှောင်ထားရာက ထွက်ပြေး

ဆောနယ်မှာ သက်ငယ်မဒိန်းမှု၊ လူသတ်အလောင်းဖျောက်မှုတွေနဲ့သေဒဏ်ချခံထားရသူ ချုပ်နှောင်ထားရာက ထွက်ပြေး

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မင်းမင်းစိုးဆိုသူဟာ ထိန်းသိမ်းခံထားရတဲ့နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ လွတ်မြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ယောဒေသတောင်ပိုင်း ဆောကို စစ်တပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေဖြစ်နေတယ်။ ဒေသခံတွေ စစ်ရှောင်နေကြရတယ်။ ဒီလိုရှုပ်ရှက်ခပ်နေတဲ့ ကာလမှာ တရားခံကလွတ်သွားတာပါ။ ပေါ့လျော့မှုတွေကြောင့် တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို ဖြစ်နေပြီ ” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ ဆောမြို့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုပါ ကျူးလွန်ခဲ့တာကြောင့် တရားခံမင်းမင်းစိုးကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG )တရားရုံးက မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ နှင့် ၂၀၁ တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။ မင်းမင်းစိုးကို အချိန်ငါးလကျော် ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြစ်မှုထင်ရှားတာကြောင့် တရားခံ မင်းမင်းစိုး (အသက် ၂၁ နှစ်) ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“အဓိကကတော့ တရားခံလွတ်သွားတဲ့အတွက် ကျူးလွန်ခံရတဲ့ မိဘတွေနေရာကစဥ်းစားကြည့်မိတယ်။ ပြန်မမိရင် တရားမျှတမှုမရတဲ့အတွက် သူတို့တွေ တော်တော်ခံစားရမယ်” လို့ ယောဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ တရားခံ မင်းမင်းစိုး လွတ်မြောက်သွားတာ တစ်ပတ်လောက်ကြာပြီဖြစ်တယ်လို့ ယောအလင်းတန်းရဲ့ ဖော်ပြချက်အရသိရပြီး ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုလွတ်မြောက်သွားတယ်ဆိုတာတွေကို သိရှိရခြင်းမရှိပါ။

ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ မင်းမင်းစိုးကို ပြန်လည်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပြီး တွေ့ရှိပါက ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြဖို့ အသိပေးထားကြောင်း သိရပါတယ်။

ယောဒေသတောင်ပိုင်း၊ ဆောမြို့နယ်မှာ စစ်တပ်ရဲ့စစ်ကြောင်းတွေလည်းရှိနေတာကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာကို ရောက်သွားရင် ဖမ်းဆီးဖို့ ခက်သွားမှာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း ယောဒေသမြောက်ပိုင်း၊ ဂန့်ဂေါမြို့နယ် MOD လက်အောက်ရှိ တောတွင်းအကျဥ်းထောင်တစ်ခုကနေ စစ်သုံ့ပန်း အကျဥ်းသား ၂ ဦးနှင့် ရာဇဝတ်အကျဥ်းသား ၁ ဦး၊ စုစုပေါင်း ၃ ဦး ထွက်ပြေးပြီး ဂန့်ဂေါမြို့ စစ်တပ်ထဲကို ဝင်ရောက်သွားခဲ့ကြတယ်လို့ သိရပါတယ်။

Photo – ယောအလင်းတန်း

error: Content is protected !!