Home > သတင်း > စစ်ရေး > မင်းအောင်လှိုင် အိန္ဒိယက ပြန်လာပြီးနောက် မြန်မာ – အိန္ဒိယ ဆက်သွယ်ရေးလမ်းမ ကလေး – တမူးလမ်းကို စစ်ကြောင်းထိုးနေ၊ ဒေသခံတွေ စစ်ဘေးရှောင်နေရ

မင်းအောင်လှိုင် အိန္ဒိယက ပြန်လာပြီးနောက် မြန်မာ – အိန္ဒိယ ဆက်သွယ်ရေးလမ်းမ ကလေး – တမူးလမ်းကို စစ်ကြောင်းထိုးနေ၊ ဒေသခံတွေ စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ကလေး – တမူးလမ်းအတိုင်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ကလေးမြောက်ပိုင်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ ကလေး ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိနိ္ဒယကို လေးရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာ-အိန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ ကလေး – တမူးလမ်းမကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယ – မြန်နယ်စပ်တလျောက် လုံခြုံရေးကို ကိုင်တွယ်မယ်လို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီကို အာမခံခဲ့ပြီးနောက် အခုလို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကလေး – တမူး လမ်းကို စစ်ကြောင်းထိုးရာမှာ အိန္ဒိယနယ်စပ်ဘက် တမူးနေကနေရော၊ ကလေးမြို့ကနေပါ စစ်ကြောင်းနှစ်ဘက်ညှပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – တမူးကြားက ခမ်းပတ်မြို့ဆီကို ဦးတည်စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇွန် ၈ ရက်နေ့မှာ တမူးမြို့နဲ့ ခမ်းပတ်မြို့ကြားက နန်းမွန်းတား ရွာကို အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နန်းမွန်တားရွာကို စစ်ကြောင်းထိုးရာမှာ အိန္ဒိယနယ်နိမိတ်နားကနေ ကွေ့ဝိုက်ပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကလေးမြို့ကနေ ကလေး – တမူးလမ်းအတိုင်း ဇွန် ၇ ရက်နေ့မှာ ထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကတော့ ၅၆ မိုင်နားကိုရောက်နေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ဆီကို စစ်ကြောင်းထိုး နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ကလေး – တမူးလမ်းအတိုင်း စစ်ကြောင်းထိုးနေတာ ကြောင့် တိုက်ပွဲတွေဖြစ်ပွားနိုင်ပြီး ကလေး – တမူး ကားသွားလာခွင့်ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ကလေးမြို့အနောက်ပိုင်း တဟန်းရပ်ကွက်ဘက်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ဘက်ကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ခမ်းပတ်မြို့နယ်မှာ ချင်းမြောက်ပိုင်း၊ တွန်းဇန်မြို့တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ မေလကမှ စစ်ရှောင်လာကြတဲ့ တွန်းဇန်မြို့က စစ်ဘေးရှောင်တွေဟာလည်း ခမ်းပတ်မြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် အခုဇွန်လဆန်းမှာလည်း ထပ်ပြီး စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

ကလေး – တမူး လမ်းကြောင်းကို စစ်ကြောင်းထိုးရာမှာ အာဏာသိမ်းစစ်တပ်နှင့်အတူ ပျူစောထီးအဖွဲ့ဝင်တွေ၊ ကသဲလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ နာဂလက်နက်ကိုင် ( NSCN-IM) အဖွဲ့ဝင်တွေပါဝင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

error: Content is protected !!