မိုးဦးသီးနှံစိုက်ပျိုးရချိန်မှာ စစ်ဘေးရှောင်ထွက်ပြေးနေကြရတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင်အတွက် အခက်အခဲတွေဖြစ်ပေါ်နေကြရတယ်လို့စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းက စစ်ရှောင်ဒေသခံပြည်သူတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န၊မ၊ခ)တပ်ကနေ မေလအတွင်းကစပြီး အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသတွင်းမှာရှိတဲ့ ကျေးရွာ(၁၀)ရွာထက်မနည်း စစ်ဘေးရှောင်ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
“ဒီဘက်(ဘုတလင်နယ်)က မိုးမျှော်ပြီး စိုက်ကြရတာ၊ မိုးလေးရွာပြီးထွန်ကောင်းတုန်း စိုက်ရတာဆိုတော့ အခုလိုရှောင်ရတော့ စိုက်ရေးပျိုးရေးကြ ဒုက္ခရောက်တာပါ့” လို့ ဘုတလင်မြို့နယ် မြောက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံ စစ်ရှောင်တောင်သူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးနည်းရပ်၀န်းဒေသဖြစ်တဲ့ ဘုတလင်မြို့နယ်ဟာ မုတ်သုန်အ၀င်ကာလတွေမှာ ရွာသွန်းလေ့ရှိတဲ့ မိုးကို အားကိုးပြီး သီးနှံစိုက်ပျိုးကြရတာဖြစ်ပါတယ်။
မိုးကောင်းတော လို့ ဒေသအခေါ်ရှိတဲ့ ဘုတလင်မြို့နယ်အတွင်းကိုစစ်တပ်ကစစ်ကြောင်းထိုး၀င်ရောက်လာပြီး ဒေသတွင်းကျေးရွာတွေကိုလှည့်လည်နေထိုင်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။
“ဟိုရက်ပတ်က မိုးတကိုယ်စွတ် သန်သန် ရွာလိုက်တော့ ပဲစဉ်းငုံတော့ စိုက်လို့တော့ရပြီဟလို့ ထင်နေတာ၊ အခုပြေးနေရတော့ ဘယ်စိုက်နိုင်မှာတုန်း၊ဒီလို မိုးလေးစောင့်ပြီး စိုက်ရတာလေ ဦးလေးတို့က၊ မိုးမရွာရင်လည်း စိုက်မရဘူး၊ မိုးရွာပြီး အစိုဓာတ်လေး မကုန်ခင်စိုက်ရမှအပင်ပေါက်ရတာ” လို့ ဘုတလင်မြို့နယ် ဒေသခံတောင်သူ တစ်ဦးက ပြောပါတယ်။
အခုလို အချိန်ရာသီမှာ ဘုတလင်မြို့နယ်အတွင်း မိုးဦးသီးနှံအဖြစ် မြေပဲ၊နှမ်း၊နေကြာ၊ပဲစဉ်းငုံ နဲ့ မိုးစပါး ပျိုးထောင် စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။
ဘုတလင်မြို့နယ်အတွင်း စစ်တပ်ရဲ့ အင်အားဖြည့် စစ်ကြောင်းထိုးမှုကြောင့် မြို့ရဲ့ အရှေ့ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကပြည်သူတွေ အိုး၊ အိမ် စွန့်ခွာနေထိုင်ကြရ ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေကိုတော့ အခက်အခဲကြားကနေ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။
“အခုလောလောဆယ် ရွာထဲတော့ အ၀င်မခံသေးဘူး၊P(ကာကွယ်ရေးတပ်)တွေက၊လုံခြုံရေးကြောင့် ရွာထဲမနေခိုင်းသေးတာ၊ စိုက်ပျိုးရေးတော့လုပ်ချင်လုပ်လို့ပြောလို့ တချို့တော့စိုက်နေကြတယ်၊ ဒီဘက်က ပဲစဉ်းငုံစိုက်ကြတာလေ၊ တောအိပ်၊ တောစား၊ တဲထိုးပြီးနေရတာ” လို့ ဘုတလင်နယ် ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ထွက်ပြေးနေကြရတဲ့ကျေးရွာတွေဟာ စစ်တပ်ရဲ့စစ်ကြောင်းထိုးလှုပ်ရှားမှုနဲ့ နီးစပ်လို့ တိမ်းရှောင်ကြရတာရှိသလို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ရေးအခြေအနေကြောင့်ကျေးရွာကနေ ခဏတာထွက်ခွာနေဖို့ ပြောဆိုတာကြောင့်ထွက်ခွာလာရတာရှိတယ်လို့ သိရပါတယ်။
မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသတွင်းကျေးရွာတွေကို ဖုန်းလိုင်း ဖြတ်တောက်ထားပြီးတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လုံခြုံရေး၊စစ်ရေးအခြေအနေကြောင့် စတားလင့် ဆိုင်တွေ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
“ဖုန်းက သူတို့(စစ်တပ်)ဖွင့်ပေးတဲ့အချိန်ပဲ မိတာ၊အရင် သူတို့(စစ်တပ်)မလာခင်က အော်ရီဒူး(U9) ကောင်းတယ်၊ အခု ဘာမှ မရဘူး၊ဖွင့်ပေးတဲ့ အချိန် မက်ဆေ့တွေကျလာတာတွေ့မှဖုန်းပြန်ခေါ်ရတာ၊အင်တာနက် မရတာတော့ကြာပြီ၊ စတားလင့်တွေလည်း၊ ပိတ်ခိုင်းထားတော့ သတင်းနားထောင်ချင်ရင် ရေဒီယို ပဲနားထောင်ရတာ”လို့ ဘုတလင်မြို့နယ် ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်းကို အင်အားဖြည့်တင်းလာပြီး စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်တပ်ကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ မုံရွာ-ရေဦး လမ်းပိုင်းက ကျေးရွာ(၁၀)ထက်မနည်း ကပြည်သူတွေ မိုးဦးသီးနှံစိုက်ပျိုးချိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသလို၊ စား၊ သောက်နေထိုင်ရေး၊ကျန်းမာရေး၊ကလေးငယ်တွေရဲ့ပညာရေးအပြင် သတင်းအချက်အလက် ရရှိ
ပိုင်ခွင့်ပါ ဆုံးရှုံးနေရတယ်လို့ ဒေသခံပြည်သူ
တွေက ပြောပါတယ်။
ဓာတ်ပုံ-စစ်ရှောင်ပြည်သူများ(ဘုတလင်မြို့နယ် သပိတ်အင်အားစု)






