Home > သတင်း > မုံရွာမှာ အိမ်စီးကားမောင်းလာသူ ပစ်ခတ်ခံရလို့ သေဆုံး

မုံရွာမှာ အိမ်စီးကားမောင်းလာသူ ပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းမှာ ဖေဖော်ဝါ ရီလ ၃ ရက် မနက်ပိုင်းအချိန်မှာ အိမ်စီးကားမောင်းလာသူ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“အိမ်စီးကားကို နောက်ကနေကားနဲ့ လိုက်ပစ်ကြတာ။ဘာလို့လဲတော့ မသိဘူး။ ကားက ဘီးတွေလည်းပေါက်။ မှန်တွေလည်းကွဲပြီး မောင်းသွားတာ။ သာစည်မီးပွိုင့်နားရောက်တော့ ကားလည်း ထိုးရပ်သွားတယ်။ မောင်းတဲ့ လူလည်းသေသွားတယ်ပြောတယ်”လို့ မုံရွာမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

သာစည်လမ်း ပညာရေးတက္ကသိုလ် အကျော်ကနေ သာစည်လမ်း မီးပွိုင့်အထိ စစ်‌ကော်မရှင်တပ်သားတွေက နောက်ကနေ တောက်လျှောက် ပစ်ခတ်တဲ့အတွက် အိမ်စီးကားပေါ်မှာ ယာဉ်မောင်းနဲ့အတူ နောက်တဦးပါ သေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။

အိမ်စီးကားပေါ် ပါလာတဲ့ နောက်ထပ်တဦးသေဆုံးမှုကိုဒီက‌နေ့ မွန်းလွဲပိုင်းအချိန်အထိ မျက်မှောက်ခေတ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပစ်ခတ်မှုကြောင့် လမ်းသွား၊ လမ်းလာပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- စစ်တပ်ပတ်ကင်းကား(ပုံဟောင်း)

error: Content is protected !!