KTM
(မျက်မှောက်ခေတ် သရော်စာ)
PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ဒေါ်သက်သက်ခိုင်သည် NLD မှနေ၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်ကနေ အနိုင်ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလတွင် NLD ပါတီတွင် ပါတီတာဝန်တွေက ရပ်စဲခြင်းခံခဲ့ရသည်။
ဒေါ်သက်သက်ခိုင်သည် မြန်မာ့နိုင်ငံရေးကို ဘော်လုံးပွဲတွေနှင့် နိုင်းယှဥ် ဝေဖန်ခဲ့သူဖြစ်သည်။ ထိုဘော်လုံးပွဲဲတွေနှင့် နှိုင်းယှဥ်ပြောဆိုမှုတွေက သူ့ဘဝကို အပြောင်းအလဲဖြစ်စေသည့် အရာတွေထဲက ထင်ရှားသည့် အကြောင်းတရားဖြစ်သည်ကို တွေ့ရသည်။
NLD အစိုးရလက်ထက်က ဒေါ်သက်သက်ခိုင်သည် တာဝန်များစွာယူထားရသော ဒေါ်အောင်ဆန်းစုကြည်ကို “ဘော်လုံးကွင်းတစ်ကွင်းလုံးကို တစ်ယောက်တည်း ကန်နေသူ” ဟု ဝေဖန်ခဲ့သည်။ ထိုဝေဖန်မှုကြောင့် ဦးဝင်းထိန်က သူ့ကို ခေါ်ယူသတိပေးခဲ့ရဖူးကြောင်း ပြောဖူးသည်။
၂၀၁၉ ခုနှစ်တွင်၊ ဒေါ်သက်သက်ခိုင်သည် NLD ပါတီမှ နှုတ်ထွက်ပြီး ” ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ” ကို တည်ထောင်ခဲ့သည်။ ” နိုင်ငံတည်ဆောက်ရေးမှာ လူမှန်နေရာမှန်နဲ့ ပါဝင်သွားနိုင်အောင်ရည်ရွယ်ပြီးမှ ဖွဲ့စည်းတာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ဒေါ်သက်သက်ခိုင်သည် သူ့စကားအတိုင်းဆိုရလျှင် ကွင်းလယ်ကနေ ကစားချင်သည့် ဘော်လုံးသမားဖြစ်သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင် ရှုံးပြီး အရန်ကစားသမားစာရင်း၌ပင် မပါဝင်နိုင်ခဲ့ရှာပါ။
၂၀၂၀ ရွေးကောက်ပွဲမတိုက်ခင် လပိုင်းအလိုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ လမ်းကြောင်းပြခဲ့ကြသည့် ပါတီ ၄၃ ပါတီက ပုဂ္ဂိုလ်တွေထဲမှာ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် ပါဝင်ခဲ့သည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်သက်သက်ခိုင်သည် နိုင်ငံရေးဘော်လုံးကွင်းမှာ သူအင်မတန် ပါဝင်ကစားချင်နေသည့် နေရာတစ်နေရာ ရခဲ့သည်။ လူကယ်ပြန်ဝန်ကြီးအဖြစ် မင်းအောင်လှိုင်က သူ့ကို ခန့်အပ်ခဲ့သည်။
သို့သော် အာဏာသိမ်းစစ်တပ်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲမှာတော့ သူဟာ ပါဝင်ခွင့်မရတော့ပါ။ နိုင်ငံခြားသံအမတ်အချို့နဲ့ မင်းအောင်လှိုင်မသိအောင် တွေ့ဆုံတာ၊ မိသားစုအကြွေးတွေကို ကျေအောင်မဆပ်နိုင်တာတွေကြောင့် ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရခြင်းဖြစ်ကြောင်း သတင်းတွေဖတ်ရပါသည်။
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိခဲ့သည့် ဒေါ်သက်သက်ခိုင်သည် စစ်တပ်ကို “ကိုယ်တိုင်ဒိုင်လူကြီးလုပ်ပြီး ကိုယ်တိုင်လည်း ဝင်ကန်သူအဖြစ်” ဘော်လုံးပွဲဥပမာနဲ့ ဝေဖန်ခဲ့သည်။ စစ်တပ်က သူ့ကိုဖမ်းဆီးသည်။ ဘောဆရာမကြီး အနီကဒ်ပြခံလိုက်ရသည်။
ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရခြင်းကို ပြည်သူတွေက ဝမ်းသာရုံကလွဲပြီး အခြားစိတ်ဝင်စားမှုမရှိကြပါ။ ပြည်သူတွေအနေနဲ့ နိုင်ငံရေးမှာ ကမောက်ကမ ဟာသစကားတွေ မကြားရ၊ မရယ်ရတော့တာ တာပဲ ရှိပါလိမ့်မည်။
တကယ်တော့ ဒေါ်သက်သက်ခိုင်သည် စစ်တပ်က အနီကဒ်မပြခင် ပြည်သူတွေက သူ့ကို အနီကဒ်ပြပြီးဖြစ်ပါသည်။ စစ်တပ်က ပြသည့် အနီကဒ်ထက် ပြည်သူက ပြတဲ့ အနီကဒ်က အများကြီး ထိရောက်ပြီး ကြောက်စရာလည်းကောင်းပါသည်။
အာဏာသိမ်းစစ်တပ်နှင့် ပေါင်းသည့် ပုဂ္ဂိုလ်မှန်သမျှ ပြည်သူက အနီကဒ်ပြကြမှာ သေချာသည်။ အနီကဒ်ပြခံရသည့် ဘောဆရာမကြီး၏ အဖြစ်ပျက်ကို သင်္ခန်းစာယူကြဖို့ လိုပါသည်။ ပြည်သူက အနီကဒ်ပြပြီးသားသူတွေ ရှိနေပါသည်။ သူတို့သည် သူတို့အားကိုးရသည့် မင်းအောင်လှိုင်က အနီကဒ်မပြအောင် သတိထားနေထိုင်ရမည်ဆိုသည်ကို ဒေါ်သက်သက်ခိုင်၏ အဖြစ်အပျက်က သတိပေးနေပါလိမ့်မည်။
#KTM
#မျက်မှောက်ခေတ်






