တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)
နိုင်ငံရေးမှာ ပြည်သူမပါလို့မရဘူး။ တော်လှန်ရေးမှာ ပြည်သူမပါလို့မရဘူး။ ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကို ရှေ့တန်းကထားကြရတယ်။ ပြည်သူကို လေးစားကြရတယ်။စကားပြောဆိုရင် ပြည်သူကို တိုင်တည်ပြီး ပြောဆိုကြရတယ်။ ပြည်သူကို တိုင်တည်ပြီး ထုတ်ပြန်ကြရတယ်။
ဒါပေမယ့် ပြည်သူကို တိုင်တည်ပြီး စကားပြောဆိုတယ် ဆိုတဲ့နေရာမှာ ဒီမိုကရေစီသမားမှ ပြည်သူကို တိုင်တည်ပြီးပြောဆိုတာမဟုတ်ဘူး။တော်လှန်ရေး သမားမှ ပြည်သူကို ငဲ့ညှာကြောင်းပြောတာမဟုတ်ဘူး။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားလည်း ပြည်သူကို တိုင်တည်ပြောတာပဲ။ စစ်အာဏာရှင်လည်း ပြည်သူကို ထောက်ထားကြောင်းပြောဆိုကြတာပဲဆိုတာ သတိထားမိဖို့ လိုပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အချင်းချင်း အဆင်မပြေ ဖြစ်ကြတဲ့အခါ သူတို့တိုင်တည် ပြောဆိုစရာက ပြည်သူလူထုပဲ ဖြစ်တယ်။ တချို့အဖွဲ့အစည်းတွေက ပြည်သူကို အမှန်အတိုင်း တိုင်တည်ပြောဆိုတယ်။ တချို့အဖွဲ့အစည်းတွေက အမှန်အတိုင်း တိုင်တည်ပြောဆိုမှု နည်းပါးတယ်။ အဖွဲ့အစည်းအချင်းချင်း ပြောဆိုကြရင် ပြည်သူလူထုဆိုတာကို ကိုင်ပြီးပြောဆိုကြတော့ ကြာလာတော့လည်း ပြည်သူဟာ အသုံးတော်ခံအဆင့်ကို ရောက်လာတယ်။
တချို့ အဖွဲ့အစည်းတွေက မိမိတို့ ရပ်တည်ရေးအတွက် ပြည်သူ့အားကို ယူရုံတင်မက မိမိမဟုတ်တာတွေ လုပ်ထားတာအတွက်ပါ ပြည်သူလူထုဆိုတဲ့ စကားကို ခဏခဏသုံးပြီး အကာအကွယ်ယူဖို့ ကြိုးစားကြတယ်။ ဒီလိုအခြေအနေမျိုးကြုံရတဲ့ ဒေသက ပြည်သူတွေဟာ သူတို့(အဖွဲ့အစည်း)လက်မှာ ပေရေနေတာတွေကိုသုတ်ဖို့ လက်သုတ်ဝတ် ဖြစ်လာတယ်။
နိုင်ငံရေးသမားတွေမှာလည်း ပြည်သူကို ရင်ထဲက နှစ်နှစ်ကာကာ အလေးထားတဲ့ သူရှိသလို လိုအပ်မှ ပြည်သူဆီလာတဲ့ သူတွေလည်း ရှိတယ်။ ပြည်သူကို နှစ်နှစ်ကာကာ အလေးထားတဲ့သူတွေကတော့ ပြည်သူတွေနဲ့အတူ တကယ်ရပ်တည်မယ်။ ပြည်သူတွေရဲ့ စကားသံကို နားထောင်မယ်။ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်မယ်။ မျှဝေခံစားမယ်။
သူတို့လိုအပ်တဲ့ နေရာတစ်ခုအတွက် လာတဲ့သူတွေ၊ သူတို့အလုပ်လုပ်ကြောင်း ပြဖို့သက်သက်လာတဲ့ သူတွေကတော့ ပြည်သူကို သူတို့အလုပ်လုပ်ကြောင်း ပြဖို့အတွက် အသုံးချရုံရုံသက်သက် လာကြမှာပဲ။ အောက်ခြေက ပြည်သူတွေရဲ့ နေ့စဥ်ဘဝ အခက်အခဲတွေလည်း ဘယ်လိုမှ လေးလေးနက်နက် ခံစားစာနာနိုင်မှာမဟုတ်ဘူး။ ဒီလိုပုဂ္ဂိုလ်တွေ များလာရင် ပြည်သူဟာ ဘုံအိမ်သာလို သဘောထားခံရတယ်လို့ပဲ ဆိုရမယ်။
တော်လှန်ရေးမှာ ပြည်သူက အဓိကပဲ။ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ပြည်သူတွေရဲ့ သားသမီးအရင်းတွေ။ပြည်သူ့ဘက်က လိုအပ်ချက်တွေရှိနေရင် သည်းခံရမယ်။ လမ်းညွှန်ရမယ်။ မေတ္တာထားရမယ်။
“ပြည်သူ” ဆိုတဲ့ စကားကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ခဏခဏ သုံးနေတာ၊ ပြည်သူအပေါ် ရမ်းကားတာ၊ မလိုအပ်ဘဲ အကြမ်းဖက်အာဏာပြတာ ၊ စေတနာမဲ့တာတွေဟာ သားကို အသက်နဲ့ရင်း အတိုက်ခိုင်းထားပြီး မိဘတွေကို စော်ကားနေတာနဲ့အတူတူပဲ။
ပြည်သူဟာ သူတို့သားသမီး၊ သူတို့ပစ္စည်းဥစ္စာကို တစ်နည်းမဟုတ်တစ်နည်းနဲ့ တော်လှန်ရေးမှာ အထောက်အပံ့ပြုနေကြတာဖြစ်တယ်။ ပြည်သူတွေရဲ့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော တတ်နိုင်သမျှ တိုးတက်အောင်လုပ်ပြီး ကျေးဇူးဆပ်ကြဖို့ပဲရှိပါတယ်။ ပြည်သူဟာ လက်သုတ်ဝတ်မဟုတ်ဘူး၊ အများသုံးအိမ်သာလည်း မဟုတ်ဘူး။ ကိုယ်ကိိုယ်တိုင် ပညာ၊ မေတ္တာနဲ့ ပြည်သူကို ရှေ့ဆောင်ပြီး တော်လှန်ရေးခရီး ဆက်ကြရမယ်ဆိုတာ လေးလေးနက်နက် ခံယူတတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်






