Home > သတင်း > ဖလမ်းမြို့ဝန်းကျင်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ဖလမ်းမြို့ဝန်းကျင်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ဝန်းကျင်ကို စစ်တပ်က ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ရွာတွေပေါ်ကိုရောကျတယ်။ ဗုံးကျပြီး မီးလောင်တဲ့နေရာတွေလည်းရှိတယ်။ ပျက်စီးထိခိုက်မှုတွေကို အသေးစိတ်မသိရသေးဘူး” လို့ ချင်းပြည်နယ်စပ်ကနေ လေကြောင်းစောင့်ကြည့်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က စစ်တပ်က ဖလမ်းမြို့တပ်ကုန်း၊ ရိဒ်လမ်းခွဲ၊ လုံပီရပ်ကွက်၊ ဇာလိုင်ရပ်ကွက်၊ Sumhrang ရွာ၊ Tiphirရွာ၊ Mangkheng ရွာ၊ Thanhniar ရွာ စတဲ့နေရာတွေပေါ် စစ်တပ်က Y 12 လေယာဥ် နဲ့ ဗုံး ၆၄လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပြီး လူထိခိုက်မှုရှိမရှိကို သိရှိရခြင်းမရှိသေးပါ။
နိုဝင်ဘာလအတွင်း စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ရာဂဏန်းအထိ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကလေးမြို့ကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ တီးတိန်မြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းနှစ်ခုပေါင်းပြီး ဖလမ်းမြို့ဘက်ကို စစ်ကြောင်းထိုးနေသလို ဝေဘူလမြို့ကနေလာတဲ့ စစ်ကြောင်းဟာလည်း ဖလမ်းမြို့နဲ့ ဆယ်မိုင်ဝန်းကျင်အကွာကို ရောက်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။စစ်တပ်ရဲ့ အဆိုပါ စစ်ကြောင်းသုံးကြောင်းဟာ ‌အောက်တိုဘာလကုန်ပိုင်းမှစပြီး ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဖလမ်းမြို့ဘက်ကို စစ်မှုထမ်းသစ်တွေနဲ့ ပျူစောထီးဆိုသူတွေရဲ့ အင်အားနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းကို အဓိကအားထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

error: Content is protected !!