Home > Uncategorized > နာသုံးနာ အားကိုးနေရတဲ့ ပညာရေး

နာသုံးနာ အားကိုးနေရတဲ့ ပညာရေး

နာသုံးနာ အားကိုးနေရတဲ့ ပညာရေး

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

ကျွန်တော်တို့ လွတ်မြောက်နယ်မြေက ကျောင်းတွေမှာ CDM ဆရာ၊ဆရာမတွေနဲ့ ဘော်လန်တီယာ ဆရာ၊ဆရာမတွေ အတူတွဲပြီးသင်ကြားနေကြသည်။

NUG က ပညာရေးဝန်ထမ်းတဦးလျှင် တလ ၂၅၀၀ ထောက်ပံ့ပြီး ကျန်သည့်ငွေကြေးကို ရပ်ရွာက ထောက်ပံ့ပေးကြသည်။ ရပ်ရွာအခြေအနေအပေါ် မူတည်ပြီး ဆရာ၊ဆရာမတွေ၏ လစာတွေလည်း ကွဲပြားသွားသည်။

အခြေအနေအရပ်ရပ်ကောင်းသည့် ရပ်ရွာတွေက ဆရာ၊ဆရာမတွေ လစာ နှစ်သိန်းလောက်ရကြသည်။ လစာတစ်သိန်းဝန်းကျင်ရကြသည့်နေရာတွေက အများဆုံးဖြစ်သည်။ တလလျှင် လက်ရှိအချိန်ထိ သုံးသောင်းသာရသည့် ဒေသတွေကိုလည်း စာရေးသူရောက်ဖူးသည်။

ချီးကျူးလေးစားစရာ ကောင်းသည်က ထိုသုံးသောင်းသာ လခအဖြစ်ရသော ဒေသက ဆရာ၊ဆရာမတွေသည် စေနာထားပြီး သင်ကြသူတွေအဖြစ် ရပ်ရွာမှာ နာမည်ထွက်ကြပါသည်။

ဘော်လန်တီယာဆရာ၊ဆရာမတွေကို လက်ခံရာမှာ တော်လှန်ရေးအောင်မြင်ပြီးပါက အစိုးရဝန်ထမ်းအဖြစ် ခန့်ထားမည်ဆိုသော ပြောဆိုချက်တွေကို ကြားရသည်။

တော်လှန်ရေးက ဘယ်တော့ပြီးမယ် ပြောလို့မရပါ။ NUG ရဲ့ မျှော်လင့်ချက် ပေးမှုကြောင့် ဝင်လာကြသောသူတွေရှိသလို ဘာမျှော်လင့်ချက်မှမထားဘဲ လိုအပ်ချက်ကိုဖြည့်ဆည်းလိုစိတ်နဲ့ ဝင်လာတဲ့သူတွေလည်း များစွာရှိပါသည်။ သို့သော် တကယ့်သင်ကြားရေးလောက ကိုဝင်လာပြီးပါက စေတနာထားကြသည်။ စေတနာနောက်က ဝါသနာ၊ အနစ်နာတွေပါလာပါသည်။

ဆရာ၊ဆရာမတွေရဲ့ လစာသည် သာမန်အလုပ်သမားဝင်ငွေထက်ပင် အများကြီးနိမ့်ကျနေပါသည်။ ယက်ကန်းယက်တဲ့အမျိုးသမီးတစ်ဦးသည်ပင် ဆရာမတစ်ယောက်ထက် ဝင်ငွေသုံးဆလောက်ရှိပါသည်။ သည်တော့ဆရာ၊ဆရာမတွေမှာ ကလေးတွေကိုလည်းစာသင်ရ၊ မလုံလောက်တဲ့ငွေအတွက်လည်း အပြင်မှာ ထပ်မံရှာဖွေရနဲ့ ပိုပင်ပန်းကြပါသည်။

နောက်ပြီး လူမှုရေးနဲ့ဆိုင်သည့် ကိစ္စတွေဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမတွေရဲ့ လူမူရေးအနေအထား ကျသွားခြင်းဖြစ်သည်။ ဟိုအရင်ကလို လမ်းမှာတွေ့လျှင် ကိုယ့်သားသမီးကို စာသင်ပေးနေတဲ့ ဆရာ၊ဆရာမရယ်လို့ လေးလေးစားစားနူတ်ဆက်ပြောဆိုမှုတွေပင် နည်းပါးလာပါသည်။ အချို့သောနေရာက ရပ်ရွာလူထုသည် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တွေလောက်ပင် ဆရာ၊ဆရာမတွေကို လေးစားမှုမရှိကြတာ တွေ့မြင်နေရ၊ ကြားနေရပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလက မကွေးတိုင်းထဲမှာ CDM ဆရာမတစ်ဦးရဲ့ နေအိမ်ကို လူတစ်စုက ဝင်ရောက် မွှေနောက်ပြီး ဖျက်ဆီးခဲ့သည်။ သည်ကိစ္စက ရပ်ရွာအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက်ဖြစ်ကြသည့် ပြသနာက စတင်သည်ဟု ကြားသိရသည်။

သည်လိုကိစ္စကို တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် NUG အနေနဲ့ အလေးအနက် ထားပြီး ကိိုင်တွယ်ဖို့လိုသည်။ ဘယ်ဘက်ကမှားသည်ဖြစ်စေ သည်လိုအကြမ်းဖက်မှုမျိုးက စစ်ကောင်စီနဲ့မခြားပါ။

လက်ရှိလွတ်မြောက်နယ်မြေမှာ ပညာသင်ကြားပေးနေကြသည့် ဆရာ၊ဆရာမတွေမှာ ဝါသနာ၊ စေတနာ၊ အနစ်နာဆိုသည့် နာသုံးနာသာ အားကိုးစရာရှိပါသည်။

သို့သော် သည်နာသုံးနာနဲ့ ပညာရေးကိုရေရှည်သွားလို့မရပါ။ ပညာနဲ့ဥစ္စာ ရှိမှ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ပညာရေးဖြစ်မည်။ ရပ်ရွာကျောင်းသားမိဘတွေဘက်က ပညာရေးဘက်တွင် ငွေကြေးကို ခုထက်ပိုမိုထည့်ဝင်နိုင်အောင်ကြိုးစားသင့်သလို ဆရာ၊ဆရာမတွေဘက်ကလည်း မိမိပညာတိုးတက်အောင်ကြိုးစားကြရမည်ဖြစ်သည်။

#ဟန်နီကို

error: Content is protected !!