မြန်မာပြည်သူတွေကို ရန်လိုနေတဲ့ ဇိန
(မျက်မှောက်ခေတ် ဆောင်းပါး)
မန္တလေးတိုင်းနဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေက အာဏာသိမ်းစစ်ကောင်စီတပ်စခန်းတွေ သိမ်းယူထားတဲ့ TNLAကို တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီပေးပို့တဲ့ သတိပေးခြိမ်းခြောက်တဲ့ စာနဲ့ပတ်သက်ပြီး စဉ်းစားစရာအချက်တွေရှိပါတယ်။
ဒီစာထွက်လာချိန်မှာကတည်းက ထည့်ပြီးစဉ်းစားရမယ့်အချက်တွေကို စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် တော်လှန်နေကြတဲ့ ပြည်သူတွေက မြင်ပြီးဖြစ်ပါလိမ့်မယ်။
တရုတ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ မြန်မာ နိုင်ငံအတွင်းက စစ်အာဏာရှင်တော်လှန်နေတဲ့ TNLA ကိုပို့တဲ့စာမှာ နိုင်ငံတော်အဆင့်မဟုတ်ဘဲ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီ ဆိုတာပဲပါပြီး တော်လှန်ပြည်သူတွေပြောကြသလို တံဆိပ်တုံး၊လက်မှတ် စတာတွေ မပါတဲ့ ကိစ္စဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားလို့ရသလောက်ကတော့ TNLA ဟာ နိုင်ငံတော်အဆင့်လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေက သတိပေခြိမ်းခြောက်စာ ပို့စရာမလိုဘဲ အနီးစပ်ဆုံးဖြစ်တဲ့ ရွှေလီမြို့ကတာ၀န်ရှိသူတွေကို ဗိုက်အငှားသုံးလိုက်တာပဲ ဖြစ်ပါလိမ့်မယ်။
အရပ်လူမိုက်စကားနဲ့ပြောရရင် “အဲ့ဒီကောင်တွေကို မင်းတို့ ကြည့်ရှင်းလိုက်ကွာ”ဆိုတဲ့ အထာမျိုးပါ။
နိုင်ငံတော်အဆင့်အနေနဲ့ အရေးတယူလုပ်စရာမလိုတဲ့သူတွေလို့ TNLAကို တရုတ်နိုင်ငံက သတ်မှတ် သဘောထားပုံရပါတယ်။
နောက်စဉ်းစားစရာတချက်က တရုတ်နိုင်ငံကနိုင်ငံတော်အဆင့်တာ၀န်ရှိသူတွေကို AFP သတင်းဌာနက မေးတဲ့ မေးခွန်းကို ပြန်ဖြေတဲ့ အဖြေပါ။
မေးခွန်းရောအဖြေကိုပါ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သူတို့ရဲ့တရား၀င် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
AFP သတင်းဌာနက “တရုတ်နိုင်ငံအနေနဲ့ TNLA ကို စစ်ရေးရပ်တန့်ဖို့ သတိပေးတာ ရှိ၊မရှိအတည်ပြုပေးဖို့” မေးခဲ့တာပါ။
ဒါပေမယ့် တရုတ်နိုင်ငံကတာ၀န်ရှိသူ Mr. Lin Jian ပြန်ဖြေတာက တရုတ်နိုင်ငံအနေနဲ့ TNLAကို သတိပေးစာပို့တယ်၊မပို့ဘူးဆိုတာ အတည်ပြုမသွားဘဲ”တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့မြောက်ပိုင်းဒေသက ပဋိပက္ခအခြေနေတွေကို အထူးဂရုစိုက်နေကြောင်း၊ ဆွေးနွေကြဖို့၊အပစ်ရပ်ဖို့ အမြဲလုပ်နေကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာမှာ စိတ်ရင်းမှန်နဲ့ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေကြောင်း၊ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက်အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေဖို့အတွက် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်
ကြောင်း စတာတွေကို ပဲ ပြောသွားတာဖြစ်ပါတယ်။
TNLA ကိုပို့တဲ့စာဟာ တရုတ်နိုင်ငံတော်အဆင့်ကပို့တဲ့စာ ဟုတ်၊မဟုတ် ဆိုတာကို အတည်ပြုပေးမသွားတာမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ အခုလိုလုပ်ဆောင်ချက်ဟာ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးထက် တရုတ်နိုင်ငံရဲ့ လူမှုစီးပွား ဘ၀ကို ထိခိုက်လာနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် စိုးရိမ်ထိတ်လန့်နေမှုကိုအထင်းသား မြင်တွေ့ရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိ ခြိမ်းခြောက်လာနိုင်တဲ့ TNLAကို ပို့လာတဲ့သတိပေးစာဟာတရုတ်နိုင်ငံအနေနဲ့”ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာ”သဘောထားပြီး ရွှေလီမြို့ကတာ၀န်ရှိသူတွေကို ဓားထိုးခံဖို့ ဗိုက် ငှားလိုက်တာပဲ ဖြစ်လိမ့်မယ်လို့ မြင်မိပါတယ်။