Home > Uncategorized > ဖတ်ရှု့ခံစားခြင်း

ဖတ်ရှု့ခံစားခြင်း

သူလိုလူနဲ့ တော်လှန်ရေး

မျက်မှောက်ခေတ်

ဂျာနယ်ကျော် မမလေး ရေးတဲ့ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ အကြောင်း သူလိုလူ စာအုပ်ကို ၂၀၁၆ ခုနှစ်က ပထမအကြိမ် ဖတ်ခဲ့ဖူးသည်။

ဒီစာအုပ်ဖတ်ဖို့ ဆရာတော်ကြီးတစ်ပါးက လမ်းညွှန်တာကြောင့် ၀ယ်ဖတ်ခဲ့ခြင်းဖြစ်ပါသည်။

သူ့လိုလူ စာအုပ်ဖတ်ကြည့်ဖို့ တိုက်တွန်းတဲ့ဆရာ တော်ကြီးပြောတဲ့စကားတွေ အခုဒုတိယအကြိမ်ပြန်ဖတ်နေရင်း နားထဲတွင် ပြန်ပြီး ကြားယောင်နေမိသည်။

“ဦးချစ်မောင်ကြီးက ဘုန်းကြီးစီးဖိနပ်ပြီး စီးပြီး ထီးကတစ်ဖက်၊စာအုပ်ကတစ်ဖက်နဲ့လမ်းလျှောက်တာကွ၊မင်းဘုန်းကြီးစီးဖိနပ်စီးရဲလားငါပေးမယ်လေ”၊ဦးချစ်မောင်ကို သူ့ရည်းစားက”ဂုဏ်တွေအများကြီးထဲကဘယ်ဂုဏ်ကို အလေးထား တန်ဖိုးထားလည်း”လို့ မေးတဲ့အခါ သူပြန်ပြောတာ ငါသဘောကျတယ်ကွ
“ရိုးဂုဏ်ကိုတန်ဖိုးထားတယ်” တဲ့၊”ဟုတ်တယ်
ကွ လူမှာ ရိုးဂုဏ်ရှိရမယ်၊ဒီဂုဏ်နဲ့ညီအောင် နေနိုင်ရမယ်”လို့ ပြောတဲ့ ဘုန်းဘုန်းရဲ့ စကားတွေ ပြန်လည်ကြားယောင်မိနေသည်။

“သူလိုလူ” စာအုပ် ဖတ်ဖို့ လမ်းညွှန်ပေးတဲ့ ဆရာ တော်ကြီးက မန္တလေးသာသနာ့တက္ကသိုလ်မှာ ပါမောက္ခချုပ် တာ၀န်ယူခဲ့ဖူးသူဖြစ်ပါသည်။

ပထမအကြိမ် စပြီးဖတ်ချိန် ၂၀၁၆ ခုနှစ်တွေက မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တာ၀န်ယူနေချိန်ဖြစ်ပြီး ပြည်တွင်း ပဋိပက္ခ နည်းနေချိန်ဖြစ်တာကြောင့် စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတစ်ချို့ကို မခံစားတတ်ပေ။

ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ သူရဲ့ ဇနီးဖြစ်သူရဲ့ ဘ၀နေထိုင်ရေး၊ဦးချစ်မောင် အလုပ်ကြိုးစားပုံနဲ့ အနေအထိုင်အေးဆေးပြီး နိမ့်ချတတ်ပုံတွေကိုသာ အတုယူဖွယ် ဖတ်ခဲ့တာဖြစ်သည်။

အခုတကြိမ် ပြန်ဖတ်တဲ့အခါ အရင်ဖတ်ခဲ့ ၊မှတ်ခဲ့ဖူးတာထက် ပိုပြီး ခံစားမိသည်။အတုယူဖွယ်တွေ ပိုများလာသည်။လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ ချိန်ထိုးကြည့်ပြီး ခံစားမိသည်။

ဂျပန်အ၀င် အင်္ဂလိပ်အထွက် စစ်ကြီးဖြစ်ချိန်မှာ ဦးချစ်မောင် အလုပ်လုပ်ပုံ၊ဂျပန်တွေကို တော်လှန်ရေးလုပ်မယ့်အချိန် ပိပိရိရိ သူလျှိုလုပ်ပုံတွေကို စေ့စေ့စပ်စပ်ဖတ်ပြီး အားကျရသည်။

ဥပမာ ဂျပန်တွေ ၀င်လာချိန်မှာ ဦးချစ်မောင်က တနေကုန် လက္ဘက်ရည်ဆိုင် ထိုင်ပြီး သတင်းထောက်လှန်းပေးတာ၊၅ မိုင်လောက်ဝေးတဲ့ ခရီးကို ခြေလျင် သွားပြီး သတင်းစုဆောင်းတာ၊အရေးကြီးတဲ့ စစ်ရေး၊နိုင်ငံရေး သတင်းမှန်သမျှ ဘယ်သူမှ မသိအောင် အချိန်မရွေးအလုပ်လုပ်နေတာတွေကို စစ်ကြီးအတွင်းမှာ  မိသားစု ဒုက္ခကြားက သူအလုပ်လုပ်နေပုံတွေမျက်လုံးထဲပေါ်လာသည်။ နိုင်ငံကောင်းဖို့အ
တွက်ဆို မိသားစု၊သားမယား၊ကလေးတွေအပေါ်ကိုမှ သံယောဇဉ်မထားဘဲ လုပ်စရာရှိတာကို လုပ်သွားပုံတွေက စာတစ်လုံးဖတ်မိတိုင်းမှာ မြင်ယောင်နေမိသည်။

အဲ့အချိန်တွေတုန်းက ဦးချစ်မောင် ဒီလိုတွေလုပ်ခဲ့တယ်၊အခုချိန်မှာ ငါရော ဘာလုပ်လို့ရမလဲ ဆိုတာကို စဉ်းစားနေမိသည်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေက ဂျာနယ်ကျော် ဦးချစ်မောင် ဖြတ်သန်းခဲ့ရတဲ့ အချိန်၊ကာလတွေနဲ့ တူညီသလို ဖြစ်နေပြီး မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်က ကိုယ့်ပြည်သူလူထုကို လက်နက်အားကိုပြီး မြေပြင်စစ်ကြောင်း၊လက်နက်ကြီး၊လေယာဉ် အားကိုးနဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေချိန်မှာ မတရားမှုကို လက်မခံလိုတဲ့ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့လည်း ဦးချစ်မောင် လို မစွမ်းနိုင်ဦးတော့ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ဝိုင်း၀န်း လုပ်ဆောင်သင့်ပါသည်။

error: Content is protected !!