Home > စစ်အာဏာရှင်ဆန့်ကျင်ရေး > မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စာဖတ်ခွင့်ပိတ်ပင်

မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စာဖတ်ခွင့်ပိတ်ပင်

ဓာတ်ပုံ – မုံရွာအကျဉ်းထောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ မေလအတွင်းကစတင်ကာ စာဖတ်ခွင့် ပိတ်ပင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ‌အကျဉ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက အသစ်ပြောင်းရွှေ့လာတဲ့ ထောင်ပိုင်ဖြစ်သူ ဝေမင်းလတ်က ထောင်တွင်း အကျဉ်းသား အခန်းလူကြီးတွေနဲ့ မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို စည်းကမ်းအသစ် ထပ်မံ ထုတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ည ၉ နာရီ အိပ်ချိန်ပေးပြီးရင် စာလုံးဝ ဖတ်ခွင့်မရှိဘူး။ ဖတ်ရင် အရေးယူမယ်ပြောတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတော့ မပြောဘူး။”လို့ အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

ထောင်တွင်း ညပိုင်းစာဖတ်ခွင့်နဲ့ပတ်သက်လို့ စည်းကမ်းချက်ထုတ်ပြန်ပြီးနောက်ပိုင်း စာဖတ်သူအကျဉ်းသားတချို့ကို အပြစ်ပေးအရေးယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို စာဖတ်ခွင့် ပိတ်ပင်တာ အပြင် ထောင်ဝင်စာကတဆင့် ထောင်သွင်း စာအုပ်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

မုံရွာအကျဉ်းထောင်တွင်း ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တစတစ များပြားလာတာကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ထောင်တွင်းဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့လို့ အကျဉ်းသားတစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ထောင်ဆူမှုဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတချို့ကို မြင်းခြံထောင်နှင့် တခြားထောင်တွေကို ပြောင်းရွှေ့ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားနှင့် သာမန်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ခွဲခြားဆက်ဆံ ရန်တိုက်ပေးတာတွေလည်း ရှိနေပြီး အမျိုးသမီးအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသူတချို့ကို တန်းစီးက ပါးရိုက်တာတွေ ရှိကာ ချိုးရေမှာလည်း တစ်ယောက်ကို ခွက် ၂၀ သာချိုးခွင့်ပေးလို့ ကျန်းမာရေးချို့တဲ့လာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မုံရွာအကျဉ်းထောင်မှာ လက်ရှိ အကျဉ်းကျခံနေရသူ ၁၀၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ကျော်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့ သိရပါတယ်။

ပေါ်ဦးသန့်

#မျက်မှောက်ခေတ် #မုံရွာအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ထောင်တွင်းဖိနှိပ်မှု

error: Content is protected !!