Home > စစ်အာဏာရှင်ဆန့်ကျင်ရေး > စစ်တပ်က အာဏာသိမ်းစဉ်ကနေ မတ်လ ၁၄ ရက်နေ့ထိ ဖမ်းဆီးတရားစွဲဆိုခံထားရသူပေါင်း ၂၁၅၆ ဦးရှိကြောင်း AAPP ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းစဉ်ကနေ မတ်လ ၁၄ ရက်နေ့ထိ ဖမ်းဆီးတရားစွဲဆိုခံထားရသူပေါင်း ၂၁၅၆ ဦးရှိကြောင်း AAPP ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူခဲ့ပါတယ်။ စတင်အာဏာသိမ်းယူစဉ်ကနေ မတ်လ ၁၄ ရက်နေ့ထိ ၄၃ ရက်တာကာလအတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးတရားစွဲဆို၊ ပြစ်ဒဏ်ကျခံရသူ စုစုပေါင်း ၂၁၅၆ ဦး ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ဦး၊ ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေသူ ၇၃ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၃၁၉ ဦးရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၈၃၇ ယောက်က ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကို ရဲ၊ စစ်တပ်တို့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေအနေနဲ့လည်း မတ်လ ၁၄ ရက်နေ့ထိ ၁၂၆ ဦးရှိပြီလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်က တနေ့တခြား ဆိုးဝါးလာနေပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို ကျည်အစစ်တွေသုံးကာ ရက်စက်စွာ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

AAPP အနေနဲ့ CRPH က ထုတ်ပြန်တဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့လည်း ထောက်ခံကြိုဆိုပြီး လက်ရှိအခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတယ်လို့ ဆိုပါတယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း နေ့စဉ်ထုတ်ပြန်ပေးမှာဖြစ်ပြီး သူတို့ကို သတင်းပေးပို့နိုင်သလို ဥပဒေပိုင်းဆိုင်ရာ အကူအညီလိုအပ်ရင် ကိုအောင်ကြီး (၀၉၄၅၁၅၂၉၀၀၀) နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း (၀၉၇၇၄၀၈၁၅၈၅) တို့ကို ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!