တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ကနေ နိုင်ငံတော်ရဲ့ အာဏာကို ရယူခဲ့သလို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနှင့် ပြည်နယ်အားလုံးက အစိုးရအဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနှင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွေမှာ ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ ဒီမနက်ပိုင်းမှာတော့ တိုင်းနှင့်ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေနှင့် လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ကိုစားလှယ်တွေ ပြန်လည်လွတ်မြောက်လာပြီလည်းဖြစ်ပါတယ်။ အခုလို စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သန်းခေါင်ထက်ညဉ့်နက်စရာမရှိတော့ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပြောဆိုလိုက်ပါတယ်။
“ကိုယ်လုပ်စရာရှိတာ ပုံမှန်ပဲ လုပ်သွားမယ်။ လုပ်စရာရှိတာကို ပါတီရဲ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်းလိုက်နာပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားသွားမှာပဲ။ လုပ်စရာကိုတော့ ဘယ်လိုပဲပြောပြော ဘာပဲဖြစ်ဖြစ် သန်းခေါင်ထက် ညဉ့်နက်စရာမရှိဘူးဆိုတော့ အရေးမကြီးပါဘူး။ လုပ်စရာရှိတာကို ပါတီညွှန်ကြားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်။”လို့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၃ ရက်အတွင်းလက်ရှိနေထိုင်နေတဲ့ အစိုးရနေအိမ်တွေကနေလည်း ဖယ်ရှားပေးရမယ်လို့ ပြောဆိုလာတဲ့အတွက် အထုပ်အပိုးတွေကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း ဝန်ကြီးတွေက ပြောပါတယ်။
“ဆရာတို့ကတော့ မနေ့ကညနေကတည်းက ပြန်ရောက်တယ်။ တိုင်းအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က လာနှုတ်ဆက်တယ်။ ၃ ရက်အတွင်းထွက်ပေးရမယ်ဆိုလို့ ပစ္စည်းတွေသိမ်းနေတယ်။ မနက်ဖြန်ခါ နောက်ဆုံးပေါ့။”လို့ စစ်ကိုင်းတိုင်း လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။
တခြားတိုင်းနှင့် ပြည်နယ်တွေမှာတော့ တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့ကိုလည်း ဖမ်းဆီးတာတွေရှိခဲ့သလို စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်လည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။
“ကျွန်တော့်အနေနဲ့ကတော့ လတ်တလောအခြေအနေမှာ သုံးသပ်ချက်တွေပေးဖို့ အခက်အခဲရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူလခံယူချက်အရဆိုရင် ကျွန်တော်တို့က အခုမှ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကျကျ လုပ်ခါစပဲရှိသေးတာလေ။ အဲဒီအချိန်မှာ အခုလိုဖြစ်သွားတဲ့အခါကျတော့ လုပ်ငန်းတွေအကုန်လုံးကတော့ ကမောက်ကမဖြစ်သွားကုန်ပြီ။ အစဉ်လိုက်မကျတော့ဘူးလေ။ ဒီကြားထဲမှာ ခါးပြတ်သွားလို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နောက်တဆင့် ပြန်ထိုးကျသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။ အခုလက်ရှိ လတ်တလောအခြေအနေမှာတော့ ဒုန်းစိုင်းတော့ ပြောဖို့ နည်းနည်းခက်ပါတယ်။ ကျွန်တော်တို့အချိန်ယူပြီးတော့ အများကြီးစဉ်းစားရဦးမှာလေ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကိုပေါ့။ ဒီချိန်မှာ ဝုန်းဒိုင်းပြောဖို့ အဆင်မပြေဘူး။”လို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းတာ၊ အစိုးရအဖွဲ့ဝင်တွေနှင့် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းအသီးသီးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂတို့ကလည်း ကန့်ကွက်ရှုံ့ချကြောင်း သဘောထားမှတ်ချက်တွေကို ထုတ်ပြန်ထားကြပါတယ်။
“ကျွန်တော်တို့ကတော့ လက်နက်အားကိုးပြီး အာဏာကို အဓမ္မရယူတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြရမယ်။ ဒီမိုကရေစီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကာကွယ်ကြရမယ်။ အဓမ္မဝါဒသမားတွေကို ဆန့်ကျင်တိုက်ဖျက်ရကြရမယ်။”လို့လည်း အရပ်ဖက်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူ ဦးငွေလင်းကလည်း ပြောပါတယ်။
တတိယအကြိမ်လွှတ်တော်မကျင်းပခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ဖြစ်တဲ့အပြင် အချုပ်အခြာအာဏာမူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေကို မျက်ကွယ်ပြုတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တချို့မြို့နယ်တွေက ကျန်းမာရေးဝန်ထမ်းတချို့ကတော့ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ကန့်ကွက်တဲ့စာတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာနေပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်နေကြပါတယ်။
မျက်မှောက်ခေတ်