Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဟားခါးတွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာက မီးလောင်ပြီး လူ ၆ ဦးသေဆုံး

ဟားခါးတွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာက မီးလောင်ပြီး လူ ၆ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက လူနေအိမ်ခြေ ၂ လုံးမီးလောင်ပြီး လူ ၆ ဦးသေဆုံးခဲ့ပါတယ်။ စျေးသစ်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်ဦးဟရန်ကျူံးရဲ့နေအိမ်မှာ လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ မနက် ၆ နာရီ ၁၅ မိနစ်အချိန်က ဟားခါးမြို့မှာ လူနေအိမ်ခြေ ၂ လုံးမီးလောင်မှုဖြစ်တာပါ။မီးလောင်မှုကြောင့် မီးစတင်လောင်တဲ့အိမ်က လူ ၆ ယောက်သေဆုံးတယ်။ ကျား ၂ ဦးနှင့် မ ၄ ဦးပါ။ဘေးအိမ်ကလူမနေထိုင်တဲ့ နေအိမ်ဖြစ်ပါတယ်။”လို့ ဟားခါးမြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင်ကပြောပါတယ်။

မီးလောင်မှုကြောင့် ဦးဟရန်ကျူံးရဲ့ (၃၆×၂၆)ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း ၃ ထပ်နေအိမ်နှင့် (၁၆×၂၀)ပေရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ် စုစုပေါင်းနေအိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၆၄၀၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။

မီးလောင်နေရာသို့ ချင်းပြည်နယ်မီးသတ်ဦးစီးမှူးဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ငြှိမ်းသတ်ခဲ့ရတာပါ။ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်ရှင် ဦးဟရန်ကျူံးကို ဟားခါးမြို့မရဲစခန်းက (ပ) ၁၁/၂၀၂၁၊ ပုဒ်မ ၂၈၅/၃၀၄(က)နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ဟားခါးမြို့မှာ လျှပ်စစ်အပူပေးကိရိယာအပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ကာ လူသေဆုံးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

သူရိယထက်

error: Content is protected !!