Home > သတင်း > ကျန်းမာရေး > လေရှီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် မထိုးနှံနိုင်သေး

လေရှီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် မထိုးနှံနိုင်သေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် ထိုးနှံပေးမှုမရှိသေးဘူးလို့ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ လေရှီးမြိုနယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုဗစ်ကာကွယ်ဆေးကို ဟုမ္မလင်းမြို့ထိ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပြီး ဟုမ္မလင်းကတစ်ဆင့် လေရှီးမြို့ကို ကားနဲ့ သယ်ဆောင်ခဲ့တာပါ။

“ကိုဗစ်ကာကွယ်ဆေးက မထိုးနှံရသေးဘူးဗျ။ ဆေးကတော့ ရောက်နေပါပြီ။ ဆရာဝန်ကြီးက သူတို့အထက်ဌာနရဲ့ ညွှန်ကြားချက်ခံယူနေတုန်းရှိပါသေးတယ်။ ပစ္စည်းရောက်တယ်။ မထိုးရသေးဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့်သူတို့ကလဲ ဒီဆေးနဲ့ပတ်သက်ပြီးတော့မှ ဆေးကနည်းနည်း Heater ဖြစ်တဲ့အတွက် ကျန်းမာရေးရဲ့ညွှန်ကြားချက်ကို ခံယူနေတာပဲသိတယ်။ ကျန်တာကတော့ ဆရာဝန်ကြီးမှသိမှာပါ။”လို့ လေရှီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ပြောပါတယ်။

လေရှီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၂၀ ဦး၊ အားကစားဌာန ၃ ဦး စုစုပေါင်း ၁၂၃ ဦးအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတစ်လုံးကို ၁၀ ဦး နှုန်းထိုးနှံနိုင်ပြီး စုစုပေါင်းကာကွယ်ဆေး ၁၂ လုံးထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“လေရှီးမှာပို့လိုက်တဲ့ကာကွယ်ဆေးတွေက Temperature Chat မှာ Cross ပြနေလို့။ အဲဒါလေးကို တိုင်းကျန်းမာရေးကနေ ပြည်ထောင်စုအစိုးရထံတင်ပြပြီးတော့ ဘာလိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်မှုခံယူထားတယ်။ ကျန်တဲ့မြို့နယ်တွေမှာ ထိုးနှံပေးနေပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်ဇော်ဝင်းက ပြောပါတယ်။

အခုလက်ရှိမှာတော့ လေရှီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာမရှိသေးဘူးလို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ နာဂဒေသအပါအဝင် မြိုနယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၆၉၂ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၁၉၈ ဦးရှိကာ သေဆုံးသူ ၂၆ ဦးရှိတယ်လိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သူရိယထက်

error: Content is protected !!