Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့် အခုလို တရားစွဲဆိုခဲ့တာပါ။

“ရွေးကောက်ပွဲဉပဒေအရ အမှုဖွင့်တာပါ။ ကျေးရွာနှစ်ရွာမှာ ဟောပြောတာက လူမျိုးရေးကို အကြောင်းပြုပြီး မဲဆွယ်တာ ပေါ်ပေါက်တယ်။ အဲဒါကြောင့်မို့ သူကျူးလွန်တဲ့ ပြစ်မှုအရ ထင်ရှားတဲ့ သက်သေ၊ ခိုင်လုံတဲ့ သက်သေတွေနဲ့ ၂ မှုဖွင့်တာပါ။ ရဲစခန်းက အမှုကို လက်ခံပြီး သူတို့လုပ်စရာရှိတာ လုပ်နေပါတယ်။”လို့ မင်းကင်းမြို့နယ် NLD ဉပဒေအထောက်အကူပြုကော်မတီဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။

မင်းကင်းမြို့မရဲစခန်းက အမှုကို လက်ခံပြီး ကျွန်းတော်အရှေ့ရွာဖြစ်စဉ်အတွက် (ပ)၂၃၂/၂၀၂၀၊ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၈ (ဂ) ၊ ဉယျာဉ်မကျေးရွာဖြစ်စဉ်အတွက် (ပ)၂၃၃/၂၀၂၀၊ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၈ (ဂ) တို့နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးဆောင်ရွက်တာတွေ ပြုလုပ် စီစဉ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။  

“အမှုကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခုမှ စ စစ်မလို့ ရှိပါသေးတယ်။”လို့ မင်းကင်းမြို့မရဲတပ်ဖွဲ့စခန်း စခန်းမှုး ဒုရဲမှုးဇော်မိုးကျော်က ပြောပါတယ်။

အမှုကို ဟောပြောနေတဲ့ မှတ်တမ်းဗွီဒီယိုဖိုင်တွေနဲ့တကွ တိုင်ကြားခဲ့တာလို့ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့က ကျွန်းတော်အရှေ့ကျေးရွာမှာ ဟောပြောနေတုန်း မှတ်တမ်းဗွီဒီယိုရိုက်ယူခဲ့သူတွေကိုတော့ ဦးမောင်မြင့်ကိုယ်တိုင် မောင်းထုတ်တာ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူကလည်း ပြောပါတယ်။

“ကျွန်တော်တို့က ဘာရယ်မဟုတ်ဘူး။ သွားပြီး နားထောင်စပ်စုတာပေါ့။ အဲဒါကနေ ဖုန်းနဲ့ ဗွီဒီယိုရိုက်ခဲ့တာ။ လာရောက်နားထောင်သူက ၃၀ ဝန်းကျင်တော့ ရှိမယ်။ အစက ခြံစည်းရိုးအပြင်ကနေ နားထောင်ပြီး ရိုက်နေတာ။ နောက်တော့ တစ်ယောက်က အထဲဝင်ရိုက်ဖို့ပြောတော့ သွားရိုက်တယ်။ အဲဒီအချိန်မှာပဲ ဦးမောင်မြင့်က သူ့ဟောပြောမှုကို ဗွီဒီယိုရိုက်တာ ခွင့်မပြုဘူး။ ရိုက်ရင်တရားစွဲမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ထွက်လာခဲ့တယ်။”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးထွန်းဝင်းနိုင်က ပြောပါတယ်။

ဦးမောင်မြင့်က ဟောပြောရာမှာ “သူတို့ပါတီအနေနဲ့ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမှာ ကုလား ၃ ယောက်ထည့်ခဲ့တာမှားတယ်။ အဲဒီတုန်းက ပြစ်တင်ဝေဖန်ခဲ့တဲ့ပါတီက အခု ကုလား ၄၂ ယောက်ထည့်တယ်။ ပြည်သူတွေ သိကြရဲ့လား။ မိဘပြည်သူတွေ ဘယ်ပါတီဖက်က ရပ်မလဲ။”စသဖြင့် ဟောပြောခဲ့တာလို့ သိရပါတယ်။

တချို့နေရာတွေမှာတော့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို အမည်တပ်ပြီး ပြောဆိုစည်းရုံးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က ဉယျာဉ်မကျေးရွာမှာတော့ အစိုးရဖွဲ့နိုင်တဲ့ ပြည်ခိုင်ဖြိုးနှင့် NLD ကိုပဲ မူတည်ပြီးတော့ ကျွန်တော့်အမြင်ရှု့ထောင့်ကို တင်ပြပါမယ်ဆိုကာ လူမျိုးရေးအကြောင်းပြ မဲဆွယ်ဟောပြောခဲ့တာပါ။

အခုလို ဘာသာရေး၊ လူမျိုးရေးတွေကို အကြောင်းပြပြီး မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရွေးကောက်ပွဲဉပဒေအရလည်း ပြဌာန်းထားပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို အောက်တိုဘာလအတွင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားပြီးဖြစ်ပေမယ့် လက်ရှိအချိန် ဘာမှ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကြိုတင်မဲကာလမှာ မဲရုံမှူးက မဲဆန္ဒရှင်ကိုယ်စား ကိုယ်တိုင်တံဆိပ်တုံးထုပြီး ကိုယ်တိုင်မဲထည့်ခဲ့တာကြောင့်လည်း နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်နာသူတွေကိုယ်စား မြို့နယ်ဉပဒေအထောက်အကူပြုကော်မတီက မောက္ကတော်ရဲစခန်းမှာ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၇ အရ မဲရုံမှုးကို အမှုဖွင့်ခဲ့ပါသေးတယ်။ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာ မဲရုံအမှတ် ၃ မဲရုံမှူး ဦးသိန်းကြည် က အောက်တိုဘာလ ၃၁ ရက်နေ့မှာ အသက် ၆၀ နှစ်အထက် ကြိုတင်မဲလာပေးသူတွေထဲက လူ ၄ ဦးရဲ့ကိုယ်စား အကူအညီတောင်းခံခြင်းမရှိဘဲ ကိုယ်တိုင်တံဆိပ်တုံးထုကာ မည်သည့်ပါတီကို မဲထည့်ပေးကြောင်း ပြန်လည်ပြသခြင်းမရှိဘဲ မဲပုံးထဲထည့်ခဲ့တာပါ။ ဒီအတွက် နစ်နာသူ ၄ ဉီးကိုယ်စား ပုဒ်မ တစ်ခုစီနဲ့ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

မင်းကင်းမြို့နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကနေ ဒီနေ့အချိန်ထိ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု ၈ မှု၊ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားမှု ၄ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၄ မှု ရှိပြီး ၂ မှုကိုတော့ ဉပဒေအကြံတောင်းခံနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မင်းကင်းမြို့နယ်မှာ NLD ပါတီက နေရာအားလုံး အနိုင်ရရှိထားပါတယ်။

Written By – မျက်မှောက်ခေတ်

error: Content is protected !!