Home > သတင်း > ဒေသတွင်းသတင်း > ရွေးကောက်ပွဲရလဒ်တွေကို ကျေနပ်မှုမရှိလို့ ပြန်လည်စိစစ်ပေးဖို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ တောင်းဆို

ရွေးကောက်ပွဲရလဒ်တွေကို ကျေနပ်မှုမရှိလို့ ပြန်လည်စိစစ်ပေးဖို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ တောင်းဆို

မနေ့က ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က နေရာအားလုံး အနိုင်ရရှိခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အတည်ပြုထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ဉပဒေနဲ့အမညီတဲ့ လုပ်ရပ်တွေတွေ့ရှိရတဲ့အတွက် ကျေနပ်မှုမရှိ၊ သဘောမတူတာကြောင့် ကြိုတင်မဲတွေအပါအဝင် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်စိစစ်ပေးဖို့ဆိုပြီး ပြည်ခိုင်းဖြိုးကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မြင့်၊ ဒေါက်တာဆန်းဝင်းနှင့် ဦးဇော်မိုးလွင်တို့က မြို့နယ်ကော်မရှင်ကို နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ ရွေးကောက်ပွဲရလဒ်အပေါ် မကျေနပ်ကြောင်း ကန့်ကွက် စာတင်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ် ပုံစံ ၁၉ ကိုလည်း လက်မှတ်မထိုးဘူးလို့ ဒေါက်တာဆန်းဝင်းက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်လင်းက ဆန္ဒမဲပေါင်း ၃၉၁၂၄ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်က ဆန္ဒမဲစုစုပေါင်း ၂၇၅၃၅ မဲ ရရှိခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာတော့ NLD ပါတီက ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင်က ဆန္ဒမဲစုစုပေါင်း ၄၁၀၈၈ မဲရရှိခဲ့ပြီး USDP ပါတီက ကိုယ်စားလှယ်လောင်း မသန်းပို (ခ) ဒေါ်မေရီမြင့်က ဆန္ဒမဲစုစုပေါင်း ၂၈၂၄၀ မဲရရှိခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ် နေရာအတွက်ကိုတော့ NLD ပါတီက ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်က ဆန္ဒမဲစုစုပေါင်း ၂၀၃၂၁ မဲရရှိခဲ့ပြီး USDP ပါတီက ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က ဆန္ဒမဲစုစုပေါင်း ၁၁၃၉၉ မဲရရှိခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကိုတော့ NLD ပါတီကကိုယ်စားလှယ်လောင်း ဦးအောင်ထွန်းလွင်က ဆန္ဒမဲစုစုပေါင်း ၁၈၄၃၆ မဲရရှိခဲ့ပြီး USDP ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းက ဆန္ဒမဲစုစုပေါင်း ၁၅၄၄၈ မဲရရှိခဲ့တာဖြစ်ပါတယ်။

မင်းကင်းမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၈၈၁၂၀ ဦးရှိပြီး ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ လာရောက် မဲပေးသူ ၅၆၆၄၅ ဦးနဲ့ ကြိုတင်ဆန္ဒမဲပေးသူ ၁၄၆၂၅ ဦး စုစုပေါင်း ၇၁၂၇၀ ဦးရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ မင်းကင်းမြို့နယ်မှာ မဲရုံပေါင်း ၁၃၃ ရုံထားရှိခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်အရွေးချယ်ခံတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်က   ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး တရားအပြန်အလှန် တိုင်တန်းတာ၊ တရားစွဲဆိုတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ပိုတေး

error: Content is protected !!