Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကလေးဝမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ လူ ၇ ဦးကို တရားစွဲဆိုဖမ်းဆီး၊ တချို့ထွက်ပြေးတိမ်းရှောင်

ကလေးဝမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ လူ ၇ ဦးကို တရားစွဲဆိုဖမ်းဆီး၊ တချို့ထွက်ပြေးတိမ်းရှောင်

ဓာတ်ပုံ- Khine Khine Oo Facebook

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တွင် နိုင်ငံတော်အစိုးရကို အများပြည်သူ အထင်မြင်လွဲမှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဟောပြောထားတဲ့ အသံဖိုင်တွေကို အများပြည်သူကြားသိအောင် အသံကျယ်လောင်စွာ ဖွင့်လှစ်ခဲ့တဲ့ လူ ၅ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

“စုစုပေါင်း ၇ ယောက်ပါ။ NLD ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ မြို့နယ်စီခန့်ကို တင်ပြလာတဲ့အပေါ် ထုံးစံအတိုင်းပဲ ခရိုင်၊ တိုင်းပေါ့တင်ပြတယ်။ အဲဒီကနေ ဉပဒေအကြံပြုချက်ရယူပြီးဆောင်ရွက်ပါလို့ ပြောတယ်။ အဲဒီအတိုင်း‌ဆောင်ရွက်တာဖြစ်ပါတယ်။”လို့ ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောပါတယ်။

တရားစွဲဆိုခံရသူတွေက ကလေးဝမြို့မခန်းအပိုင်က ၄ ဦး၊ မစိန်ရဲစခန်းအပိုင်က ၃ ဦးဖြစ်ပြီး ကလေးဝမြို့ပေါ်ကတစ်ဦးကတော့ တိမ်းရှောင်ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတာက အခုနှစ်အတွင်း ကလေးဝမြို့နယ်မှာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

“ထွေအုပ်ကို တိုင်ထားတာ ၁၀ ရက်လောက်တော့ရှိပြီ။ အခုမှ ရဲက ဖမ်းတယ်လို့ သိရတယ်ပေါ့။ အဲလောက်ပဲ သိထားသေးတယ်။ အဓိကကတော့ နိုင်ငံတော်အစိုးရကို အထင်မှား အမြင်မှားဖြစ်အောင် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုထားတဲ့ အသံဖိုင်တွေကို ဆောင်းဘောက်တွေနဲ့ ဖွင့်တာပေါ့။”လို့ ကလေးဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်က ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ တရားခံဖမ်းဆီးရမိရေးအတွက်လည်း ရဲတပ်ဖွဲ့က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂ မှု၊ လူ ၁၇ ဦးကို တစ်ရက်ထဲမှာ တရားရုံးဦးတိုက်လျှောက် တရားစွဲဆိုခဲ့ပါသေးတယ်။ လက်ရှိမှာ အဲဒီလူတွေကိုတော့ မင်းကင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အောက်တိုဘာလ ၂၆ ရက်နေ့ကတော့ ရမန်ရယူကာ နိုဝင်ဘာလ ၉ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားပါတယ်။

ကလေးဝ၊ မင်းကင်း စတဲ့မြို့နယ်တွေမှာ နိုင်ငံတော်အကြည်ညိုပျက်အောင် အသံဖိုင်တွေနဲ့ လှုံ့ဆော်တဲ့ ပုံစံတွေက အတူတူပဲဖြစ်ပြီး နောက်ကွယ်က တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့က စီစဉ်လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၁၂၅ နေရာစလုံးပြိုင်မယ့်ပါတီအနေနဲ့ အစောပိုင်းက NLD, USDP, UDP, UBP စတဲ့ နိုင်ငံရေးပါတီ ၄ ခု ရှိခဲပြီး နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကတော့ နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။ ဒါ့အပြင် USDP ပါတီက ကန့်ဘလူခရိုင် မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မောင်းကလည်း နိုင်ငံ့ဝန်ထမ်းဖြစ်နေသေးတာကြောင့် ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံခဲ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ အခုလို ဘာသာရေး၊ လူမျိုးရေးတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကိုယ်စားလှယ်လောင်းတိုင်းကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ရှိသူက အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်တိုင်းကို ရွေးကောက်ပွဲဉပဒေ၊ နည်းဉပဒေမှာ ပါတဲ့အတိုင်း ဒါတွေကို မလုပ်ပါနဲ့ဆိုတာ အားလုံးမှာပြီးသားပါ။ တရားမဲ့ပြုကျင့်တာတွေ မလုပ်ပါနဲ့။ လွှတ်တော်ကိုယ်စားလှယ်လောင်း ဉပဒေနဲ့ ငြိစွန်းတာတွေ မလုပ်ပါနဲ့။ ကျွန်တော်တို့ပါတီကတော့ အထက် အဆင့်ဆင့်မှာကြားပြီးသားပါ။ သို့သော်လည်းပဲ ဝန်းရံနေတဲ့သူတွေကိစ္စကတော့ ကျွန်တော်တို့ ထိန်းလို့ သိမ်းလို့မရတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဖွင့်တာတွေ၊ လုပ်တာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်တော်တို့ ပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ မှာထားပြီးသားဖြစ်တဲ့အတွက် မရှိပါဘူး။”လို့ တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်မှာလည်း အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီခေါင်းဆောင် မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာလည်း ရှိပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေးကာလအတွင်း NLD ပါတီဝန်းရံသူတချို့နှင့် USDP ပါတီဝင်တွေ ထိပ်တိုက်တွေ့တာတွေလည်း ရှိခဲ့ပြီး အမှုဖွင့်တာတွေလည်းရှိသလို လူသေဆုံးတဲ့အထိ ပဋိပက္ခဖြစ်တာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ တနိုင်ငံလုံး ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေမှာ အသက် ၆၀ နှစ်နဲ့အထက် ပုဂ္ဂိုလ်တွေ၊ ဝန်ထမ်းတွေ ကြိုတင်မဲပေးတာကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့ထိ စတင်ကောက်ယူနေပြီဖြစ်ပါတယ်။ ကြိုတင်မဲကောက်ယူရာမှာလည်း ပါတီကြီးနှစ်ခုက ပါတီဝင်တွေ ထိုးကြိတ်လို့ မဲရုံပိတ်ရတဲ့အနေအထားတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!