Home > သတင်း > ကျန်းမာရေး > ကာဘိုးဖြစ်စဉ်တွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ ကန့်ဘလူခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။

“ဒီနေ့ပဲ မန္တလေးဆေးရုံကနေ မလာတော့လို့ ပြန်ခေါ်လာရင်းနဲ့လမ်းခရီးမှာ ဆုံးသွားတာ။ အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီအင်္ကျီ ဝတ်ဆင်ထားတဲ့သူတွေက ရိုက်တာပေါ့၊ ကာဘိုးရွာအနားက လူငယ်လေးသုံးလေးယောက်က ကာဘိုးစံပြကျေးရွာကနေ သူ့ရွာကိုအပြန်မှာ ရွာအထွက်နေရာမှာ ပြည်ခိုင်းဖြိုးကားတန်းတွေကပိတ်နေလို့ ဆိုင်ကယ်ဟွန်းတီးပြီး ဖယ်ခိုင်းတာပေါ့။ ဟွန်းတီးရမလားမေးပြီးတော့ စရိုက်တာပေါ့။ ကလေးတွေက ကိုဗစ်ကျန်းမာရေးစစ်ဆေးဂိတ်ဘေးက အိမ်ထဲကို ဝင်ပြေးတာပေါ့။ အဲဒီအိမ်ကိုလဲ ခဲတွေနဲ့ ထုဖျက်ဆီးလုပ်ပြီးတော့ ကိုဗစ်ဂိတ်အနားမှာ ထိုင်နေတဲ့လူငယ်လေးကို ရိုက်တာ။ အဲဒီလူငယ်လေးက အဲဒီဒဏ်ရာနဲ့ အခုဆုံးသွားတာ။ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကလဲ သူတို့ mask တပ်ဆင်ဖို့၊ လူဦးရေ ၅၀ ကျော်လို့ ဒါကိုလူစုလူဝေးကို ပြန်ထိန်းသိမ်းဖို့ ပြောတော့ ဂိတ်ကိုလဲ ဆွဲလံဖျက်ဆီးတာတွေလုပ်သွားတယ်။”လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကာဘိုးကျေးရွာကို  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေနှင့် အားပေးလှုံံ့ဆော်သူတွေ၊ သက်ဆိုင်သူတွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ဉပဒေနဲ့အညီ အရေးယူဖို့ ဝန်ကြီးချုပ်က မှာကြားခဲ့တယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောဆိုခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တစ်ယောက်မှာ ဆေးကုသမှုခံယူရင်းသေဆုံးသွားသလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး USDP နှင့် NLD ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ပါတီနှစ်ခုက အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ထက်က “ကျန်းမာရေးစစ်ဆေးဂိတ်ကို နည်းနည်းထိခိုက်တာပေါ့။ ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူးက ဇီးကုန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်ဗျ။ အရိုက်ခံရတဲ့ ကောင်းလေးတစ်ယောက်ပါတယ်။ အဲဒီအရိုက်ခံရတဲ့ကောင်းလေးကတော့ ဇီးကုန်းဆေးရုံမှာ တင်ထားတယ်။ သူ့ရဲ့အမျိုးသမီးက တရားလိုလုပ်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ရုန်းရင်းဆန်ခပ်ဖြစ်တဲ့ အနီးနားကအိမ်တစ်ခုကို ထိခိုက်တာပေါ့။ အဲဒီအိမ်ကနေ နေပြီးတော့မှ အိမ်ရှင်က တရားလိုလုပ်ပြီးတော့မှ သူ့အိမ်ပျက်စီးတဲ့အတွက် အမှုဖွင့်ထားတယ်။ လောလောဆယ် အမှု ၃ မှု ဖွင့်ထားပေါ့။”လို့ ပြောပါတယ်။

ကားဘိုးကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကော်မရှင်ဖက်က ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြင်းမူ၊ ချောင်းဦး၊ ယင်းမာပင်၊ ပုလဲ၊ မင်းကင်း စတဲ့မြို့နယ်တွေမှာတော့ NLD ပါတီနှင့် USDP ပါတီတို့အကြား မဲဆွယ်ရာမှာ ပွတ်တိုက်အားပြိုင်မှုတွေတော့ ရှိနေပါတယ်။

သူရိယထက်

error: Content is protected !!