စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းမှာရှိတဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကိုဗစ်၁၉ ရောဂါပိုးရှိမရှိကို အောက်တိုဘာလ ၆ ရက်နေ့ကစတင်ကာ မုံရွာမြို့ အားကစားကွင်း ဖူဆယ်အားကစားရုံမှာ စစ်ဆေးပေးနေပါတယ်။ အဓိကအားဖြင့် မုံရွာခရိုင်အတွင်းမှာရှိတဲ့ မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးမြို့နယ်တွေက ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို စစ်ဆေးပေးနေတာပါ။ ၂ ရက်အတွင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၆၄ ဦးကို TEST KIT နဲ့စစ်ဆေးပေးခဲ့ပြီး အားလုံး Negative အဖြေထွက်ရှိထားပါတယ်။
ဒီစစ်ဆေးမှုကို မြိုနယ် COVID19 အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာမြို့ပုဂ္ဂလိကမော်တော် ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးကော်မတီတို့ ပူးပေါင်းပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ စစ်ဆေးခအဖြစ် ကားသမားတစ်ဦးကို ၂ သောင်းကျပ်ကျသင့်ပြီး ပိုးမတွေ့ရင် တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲခွင့် လက်မှတ်ရရှိမှာလည်း ဖြစ်ပါတယ်။ အခုလို စစ်ဆေးပေးတာက အန္တရာယ်ကင်းစေတယ်လို့လည်း ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို သက်ဆိုင်ရာ ခရိုင်အလိုက် စစ်ဆေးပေးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က စစ်ကိုင်းမြို့ နှစ်(၇၀၀)ကွင်းမှာ စစ်ဆေးရာမှာတော့ ယာဉ်နောက်လိုက်တစ်ဦးထံကနေ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ပါသေးတယ်။
ရိုက်ကူး-သူရိယထက်/တင်ဆက်-AKL