ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်ရည်ရွယ်ကာ အဝေးပြေးကုန်တင်ယာဉ်တွေကို COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က သတ်မှတ်အမြန်နှုန်းအတိုင်း ဖြတ်သန်း မောင်းနှင်ရန်ခွင့်ပြုပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပြည်တွင်း ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် အောက်တိုဘာလ ၅ ရက်နေ့ကနေ နိုဝင်ဘာလကုန်ထိ နှစ်လတာ ယာယီ ဖြတ်သန်း မောင်းနှင်ခွင့်ပြုတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဖြတ်သန်းခတွေကို ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမြန်လမ်း အသုံးပြုခွင့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားပြီး COVID နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတွေရဲ့ COVID-19 ထိန်းချုပ်ရေး အဖွဲ့တွေက တာဝန်ယူလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“သက်ဆိုင်ရာ တိုင်းအဖွဲ့က pass (ခွင့်ပြု) ပေးတဲ့ကားတွေကို တန်ချိန်ချိန်မယ်။ ခွင့်ပြုပေးမယ်။ ဖြတ်သန်းခကောက်မယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ COVID လမ်းညွှန်ချက် စည်းကမ်းအတိုင်း လိုက်နာရမယ်။ အမြန်လမ်း စည်းကမ်းကိုတော့ သက်ဆိုင်ရာ အမြန်လမ်း ရဲတပ်ဖွဲ့တွေက ထိန်းသိမ်းပေးမှာပါ။ ကားတွေက တစ်မြို့နဲ့ တစ်မြို့မှာ အကုန်လုံး စစ်ဆေးနေတော့ ကုန်စည်စီးဆင်းမှု အခက်အခဲ ဖြစ်နေတဲ့အတွက်ရယ်၊ ပုပ်သိုးတဲ့ ကုန်ပစ္စည်းတွေအတွက် အခက်အခဲဖြစ်နေတော့ ကုန်စည်စီးဆင်းမှု အဆင်ပြေအောင်လုပ်ပေးတဲ့ သဘောပါ၊”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်း ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အခုလို ထုတ်ပြန်ပေးတဲ့အပေါ်မှာတော့ ကောင်းမွန်ကြောင်းလည်း ကုန်ကားမောင်းသူတွေက ပြောပါတယ်။
“တော်တော်ကောင်းတဲ့ အစီအစဉ်ပါ။ ကျန်းမာရေးအတွက် လူတွေနဲ့ မြို့တွေနဲ့ ဝေးသွားတာ ကောင်းပါတယ်။ ကားမောင်းချိန်က မြန်သွားမှာပါ။ မြို့ဝင်ထွက်ဂိတ်တွေ နည်းသွားတော့မြန်မယ်။ သူနေ့ရာနဲ့သူလဲ နားလို့ရတယ်။ ကားတွေကတော့ တာယာ စားတာရှိမယ်။ တစ်ဖက်မှာတော့ ပိုလုံခြုံ မယ်။ ဆီစားလဲသက်သာပါတယ်။ နားနေတဲ့ကားတွေထွက်လာရင် ကုန်တင်ခလည်း ဈေးကျလာမှာပါ။ ကျန်းမာရေးထောက်ခံစာပါတဲ့ကားတွေ ရန်ကုန် ဘုရင့်နောင်၊ သီရီမန္တလာစျေး၊ စက်မှုဂိုဒေါင်ထိ ကုန်တင်ချနိုင်မယ်။” လို့ ကုန်ကားပိုင်ရှင် ကိုမျိုးဇော်ဝင်းက ပြောပါတယ်။
ကူးစက် ရောဂါဖြစ်ပွားစဉ် ကာလအတွင်း သယ်ယူပို့ဆောင်ရေးနှင့် မြို့ဝင်၊ မြို့ထွက် ကိစ္စတွေ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ခွင့်ပြုခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဖြတ်သန်းခတွေကို ပေးဆောင်ရမှာဖြစ်တယ်လို့လည်း ဖော်ပြထားသလို အမြန်နှုန်း သတ်မှတ်ချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ကုန်တင်ယာဉ်တွေက အမြန်လမ်းမကြီးပေါ်တွင် ညာဘက်ယာဉ်ကြောက မောင်းနှင်ရန်၊ ကားအမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းနှင်ရန်၊ ယာဉ်ရပ်နားစခန်း (Rest Camp) တွေမှာသာ ရပ်နားရန်နှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်းမပြုရန် စတဲ့ သတ်မှတ်ချက်တွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ ကုန်ကားတွေကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် ကိုဗစ်စစ်ဆေးတဲ့ Test Kit တွေနဲ့ စစ်ဆေးပေးနေပြီး တချို့နေရာတွေမှာတော့ ကုန်တင်ကားမောင်နှင်သူတွေထံကနေလည်း ကိုဗစ်ရောဂါပိုးတွေ တွေ့ရှိနေရပါတယ်။
ရွှေနွယ်ကြိုး