Home > သတင်း > စီးပွားရေး > ဧရာဝတီမြစ်ရေမြင့်တက်လို့ မြောင်မြို့နယ်က စိုက်ဧက ၅ ထောင်ကျော် ရေနစ်မြုပ်

ဧရာဝတီမြစ်ရေမြင့်တက်လို့ မြောင်မြို့နယ်က စိုက်ဧက ၅ ထောင်ကျော် ရေနစ်မြုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးအပါအဝင် မိုးနှောင်းသီးနှံစိုက်ဧက ၅၅၀၀ ကျော်ရေနစ်မြုပ်ခဲ့ပါတယ်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြစ်ရေကြီးမှုက စက်တင်ဘာလ နောက်ဆုံးပတ်ကနေ စတင်ကာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြောင်မြို့နယ်အတွင်း ကျေးရွာ ၃၁ အုပ်စုက လယ်ယာသီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာပါ။

“မြောင်မြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး ရေကြီးတဲ့အတွက် ကျေးရွာ (၃၁) အုပ်စုက သီးနှံစိုက်ခင်းတွေမှာ ရေဝင် နေပါတယ်။ ရေဝင်တဲ့ဧကတွေမှာ မိုးစပါးတွေလည်း ပါပါတယ်။ ဆောင်းသီးနှံစိုက်ဧက ကတော့ အများဆုံးပါ။ လက်ရှိအချိန်ထိတော့ ရေဝင်ဧက (၅၅၀၀) ကျော်ရှိပါပြီ။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ပထမအကြိမ် ရေဝင်ပြီးတော့ ပြန်ကျသွားတဲ့ နေရာတွေမှာ မြေအစိုဓါတ်ရှိတုန်း စိုက်လိုက်တဲ့အခါမှာ နောက်ထပ်တိုးလာတဲ့ရေက နှစ်စဉ်နှစ်တိုင်းထက် ဒီနှစ်မှာမြစ်ရေပိုကြီးတဲ့ အတွက် ရေဝင်တာဖြစ်ပါတယ်။ အရင်နှစ်တုန်းကလည်း ဒီလိုစိုက်ပေမဲ့ ရေနစ်မြုပ်ခဲ့တာမရှိပါဘူး။”လို့ မြောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

မြစ်ရေဝင်ရောက်နစ်မြုပ်ခဲ့တဲ့ သီးနှံစိုက်ခင်းတွေကိုတော့ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတွေပူးပေါင်းကာ ကွင်းဆင်းကာ ပျက်စီးမှု အမှန်စာရင်းရရှိရေး၊ ပျက်စီးမှု အနေအထားသိရှိနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

“လူနေအိမ်ခြေတွေကတော့ မထိခိုက်ဘူး။ စိုက်ခင်းတွေလောက် ရေနစ်မြုပ်တာပါ။ အခုစိုက်စားတဲ့သီးနှံက ပဲကများတယ်။ အကုန်လုံးက ရေနစ်တဲ့ဒဏ် မခံနိုင်ဘူး။ ရေကတဖြေးဖြေးတက်ပြီး ရေပြန်ကျရင်လဲ တစ်စိမ့်စိမ့်ကျတဲ့အတွက် အပင်တွေကနွမ်းပြီး သေကုန်မှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့က တောင်သူတွေကို စိုက်ချိန်မီတဲ့သီးနှံတွေကို စိုက်နိုင်ဖို့ တောင်သူတွေကို နည်းပညာပေးမယ်။ တောင်သူတွေက စိုက်ချိန်လဲမီတဲ့တောင်သူတွေ စိုက်ချင်တဲ့သီးနှံ၊ စျေးကွက်ဝင်တဲ့သီးနှံရှိရင်လဲ အဲဒါကို စိုက်နိုင်ဖို့၊ မျိုးရဖို့လုပ်ပေးမယ်။ ရေနှစ်ခါတက်ပြီး ပြန်ကျတဲ့အတွက် စိုက်ချိန်က သာမာန်ထက်နောက်ကျတယ်။ အပင်ရောဂါရော၊ သီးနှံဖျက်ပိုးရော ကျတတ်တယ်။ သီးနှံပိုးမွှားကာကွယ်ဖို့ရာအတွက် မျိုးစေ့ဆောင်ရောဂါမပါအောင် ဂရုစိုက်မယ်။ အပင်တွေမှာ ဆုပ်စာပိုး၊ ပင်ညှိရောဂါကျတတ်တယ်။ တောင်သူတွေ ပိုးသတ်ဆေးဝန်ထုပ်ဝန်ပိုးမဖြစ်အောင် လိုအပ်တဲ့ပမာဏကို သုံးစွဲနိုင်အောင်၊ အရည်အသွေးမှန်ကန်အောင် ဆောင်ရွက်ပေးမယ်။ တောင်သူတွေလိုမယ့်မျိုးတွေကိုလဲ မျိုးစုဆောင်းတဲ့သူတွေကို ချိတ်ဆက်ပေးမယ်။ အဲဒီဘက်ကို မတ်ပဲနှင့် ဆောင်းမြေပဲကို ပြန်စိုက်မယ်။”လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

မြောင်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၂) စုရှိကာ ဆောင်း သီးနှံ (၂၂၀၉၄) စိုက်ပျိုးထားပြီး ဒုတိယအကြိမ် မြစ်ရေကြီးမှုကြောင့် ယခုအချိန်ထိ ကျေးရွာအုပ်စု (၃၁) အုပ်စုရှိ သီးနှံစိုက်ဧက (၅၅၆၂) ဧက ရေနစ်မြုပ်ခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံနှင့် နှစ်ရှည်သီးနှံ အပါအဝင် သီးနှံစိုက်ဧက ၂၆၀၀၀ ဧကခန့် ရေနစ်မြုပ်ခဲ့ပြီး ဧက ၂၃၀၀၀‌ ကျော်ထိခိုက်ခဲ့ကာ ၁၅၀၀၀ ဧကနီးပါး ပျက်စီးခဲ့တယ်လို့လည်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

သူရိယထက်၊ အေပီတီ

error: Content is protected !!