ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းဆင်စခန်းကို ပိတ်ထားပြီး ခရီးသွားဧည့်သည် လာရောက်လည်ပတ်တာလည်း မရှိပါဘူး။ ဒီအတွက် ဆင်တွေကို အစာကျွေးသူတွေလိုအပ်နေတာကြောင့် ဆင်စာဘူဖေး အလှုရှင်လိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ လာရောက်လှူဒါန်းနိုင်တယ်လို့ ချင်းပြည်နယ်သစ်ထုတ်လုပ်ရေး ခိုင်ကမ်းဆင်စခန်း တာဝန်ခံ သစ်အုပ်ကြီး ဦးတိုးချစ်မှူးပိုင်က ပြောပါတယ်။
“အရင်က ဆင်စခန်းကို ဧည့်သည်တွေလာတဲ့အချိန်တုန်းကတော့ ဆင်အစာကြမ်းအနေနဲ့ တောထဲမှာရှာ၊ ဧည့်သည်တွေလာပြီး ကျွေးတာနဲ့ အဆင်ပြေတာပေါ့။ အခုဟာက ဆင်စခန်းတွေ ပိတ်လိုက်တဲ့အချိန်မှာ မရှိတော့ဘူး။ ကိုဗစ်ကာလအတွက် ပြည်ပနိုင်ငံက The Nature Conservancy (TNC) အဖွဲ့က ခိုင်ကမ်းဆင်စခန်းက ဝန်ထမ်းတွေနဲ့ဆင်တွေအတွက် ထောက်ပံ့ကူညီတာရှိတယ်။ ဆင်ဝန်ထမ်းတစ်ဦးကို ငွေကျပ် ၄ သောင်းနှုန်းနဲ့ ပေးတယ်။ ဆင်တစ်ကောင်ကို ၁ သိန်းခွဲနှုန်းနဲ့ ပေးတယ်။ ဆင် ၇ ကောင်ရှိတာ။ ၇ လပိုင်ကစပြီး တစ်ပတ်ကို ငွေ ၅ သောင်းနှုန်းနဲ့ ဆင်စာဘူဖေးကျွေးနေတာပါ။ လာမယ့်တနင်္ဂနွေနေ့မှာဆိုရင် ၇ ပတ်မြောက် ဆင်စာဘူဖေးကျွေးမှာပါ။”လို့ ဦးတိုးချစ်မှူးပိုင်က ပြောပါတယ်။
ခိုင်ကမ်းဆင်စခန်းက ဆင်တွေအတွက် ဆင်စာဘူဖေးကျွေးမွေးတာက လတ်တလောအနေနဲ့ ပြည်ပနိုင်ငံက The Nature Conservancy (TNC) အဖွဲ့စည်းတစ်ခုတည်းသာရှိနေပြီး ပြည်တွင်းက ဆင်စာဘူဖေးအတွက် လာရောက်လှူဒါန်းမှု မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် ပြည်တွင်းက အလှုရှင်တွေအနေနဲ့လည်း လှုဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
“အခုချိန်ထိတော့ ပြည်တွင်းက ဆင်စာဘူဖေးကို လာရောက် လှူဒါန်းမှု မရှိသေးဘူး။ ပြည်ပက လှူဒါန်းတာပဲ ရှိပါတယ်။ အခုချိန်က ဆင်စခန်းပိတ်ထားတော့ ဆင်စာအတွက် လှူဒါန်းချင်ရင် ကျွန်တော်တို့က ပစ္စည်းတွေဝယ်ပေးမယ်။ ပြင်ဆင်ပေးမယ်။ ဆင်စာကျွေးမွေးသူတွေကို ဂုဏ်ပြုမှတ်တမ်းတွေပေးမယ်။ ဆင်စာဘူဖေးကျွေးမွေးချိန်မှာ အလှူရှင်လာရောက်နိုင်ပါတယ်။ အများကြီးတော့ လက်မခံဘူး။ ဆင်စာဘူဖေးကျွေးမွေးတဲ့ အလှူရှင်လောက်ပဲ လက်ခံမှာပါ။ ကျွန်တော်အနေနဲ့တော့ ဆင်စခန်းကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းကအလှူရှင်တွေ လှူရင်ပိုကောင်းတာပေါ့။”လို့လည်း ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ခိုင်ကမ်းဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ခရီးသွားဝင်ရောက်မှုကို မတ်လ ၂၄ ရက်နေ့က စတင်ကာ ဒီကနေ့အချိန်အထိ ပိတ်ထားတာ ဖြစ်ပါတယ်။
ခိုင်ကမ်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ဆင် ၇ ကောင်ရှိပြီး အထီး ၄ ကောင်းနှင့် အမ ၃ ကောင်ရှိတာပါ။ ခိုင်ကမ်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က တီးတိန်မြို့နယ်၊ ဆီးယင်းကြိုးဝိုင်းအကွက်အမှတ် ၁၃၈ အပေါ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဒီကနေ့အထိ ပြည်တွင်း ခရီးသွားဧည့်သည် ၃ သောင်းခုနှစ်ထောင်နှင့် ပြည်ပ ခရီးသွားဧည့်သည် ၁၇၉ ယောက်ဝင်ရောက်လည်ပတ်ခဲ့ကြတာပါ။ ခိုင်ကမ်းဆင်စခန်းက ချင်းပြည်နယ်မှာ ပထမဦးဆုံး ဆင်စခန်းဖြစ်ပြီး အဲဒီ ဆင်စခန်းကို ကလေးမြို့ကနေ ဆင်စခန်းအထိ ၁၅ မိုင်၊ ခိုင်ကမ်းမြို့ကနေ ၆ မိုင်အကွာမှာ တည်ရှိပါတယ်။
သူရိယထက်