Home > သတင်း > ဒေသတွင်းသတင်း > ငါးလုပ်ငန်းဦးစီးဌာနကနေ မြစ်သာမြစ်အတွင်း ငါးသား‌ပေါက်ကောင်ရေ (၁)သိန်း စိုက်ထည့်

ငါးလုပ်ငန်းဦးစီးဌာနကနေ မြစ်သာမြစ်အတွင်း ငါးသား‌ပေါက်ကောင်ရေ (၁)သိန်း စိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကနေ စက်တင်ဘာလ ၂၇ ရက်နေ့က မြစ်သာမြစ်အတွင်းကို ငါးသား‌ပေါက်ကောင်ရေ (၁) သိန်း စိုက်ထည့် ပေးခဲ့တယ်လို့ ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးက သိရပါတယ်။ မြစ်သာမြစ်အတွင်းကို ငါးမြစ်ချင်းအကောင်ရေ (၅) သောင်းနှင့် ထိုင်းငါးခုံးမ အကောင်ရေ (၅) သောင်း စုစုပေါင်းအကောင်ရေ (၁) သိန်းကို စိုက်ထည့်ပေးခဲ့တာပါ။

“ကလေးမြို့နယ် မြစ်သာမြစ်အတွင်း ငါးသားပေါက် ကောင်ရေ (၁) သိန်း စိုက်ထည့်ပေးခဲ့ပါတယ်။ ငါးသား ပေါက်တွေစိုက်ထည့်ပေးခြင်းအားဖြင့် မြစ်အတွင်းမှာ ငါးသယံဇာတတွေ ပေါများလာမှာ ဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ငါးကိုစဥ်ဆက်မပြတ် ဖမ်းယူ စားသုံးနိုင်မယ်။ နောက်ပြီးတော့ ငါးလုပ်ငန်း‌တွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ မနှစ်ကလည်း မြစ်သာမြစ်အတွင်းမှာ ငါးသားပေါက်ကောင်ရေ (၁) သိန်းကို စိုက်ထည့်ပေးခဲ့ပါတယ်။ ငါးကိုစားသုံးခြင်းဂာ ကျန်းမာကို များစွာ အထောက်အကူပြုပါတယ်။”လို့ ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးလွင်က ပြောပါတယ်။

ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ မြစ်သာမြစ်အတွင်း ငါးသားပေါက်စိုက်ထည့်တာကို ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင် ပျက်ဆီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအတွက် ရသင့်ရ ထိုက်တဲ့ အခွန်အခတွေ ရရှိစေရန်၊ ငါးလုပ်ငန်းကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့်အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်နိုင်စေရန်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတွေ ငါးသံယဇာတကို ဈေးနှုန်း ချိုသာစွာနဲ့ စားသုံးနိုင်စေရန်၊ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့တွေ စနစ်တကျဖွံ့ဖြိုးတိုးတက်လာ‌စေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ငါးစားသုံးတဲ့အတွက် ဗိုက်တာမင် ဒီနှင့် ဇင့်ဓါတ်တွေရရှိပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်စေတာ၊ နှလုံးရောဂါနှင့် လေဖြတ်အန္တရာယ်ကို လျော့ချပေးတာ၊ ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးတာ၊ အမြင်အားကောင်းစေတာ၊ အရိုး၊ အကြောနှင့် ကြွက်သားသန်မာစေတာ၊ ပန်းနာရင်ကျပ်ရောဂါ ကာကွယ်နိုင်တာ၊ အရိုးအဆစ်ရောင်ရမ်းတာကို သက်သာစေတာ၊ ဆီးချိုရောဂါကာကွယ်နိုင်တာ၊ အယ်ဇိုင်းမားရောဂါကာကွယ်နိုင်တာ၊ လမစေ့ဘဲ‌ကလေးမွေးဖွားတာကို လျော့ချနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD အစိုးရလက်ထက် မြစ်ချောင်းတာတမံစပါးခင်းတွေထဲကို ငါးမျိုးစိုက်ထည့်ပေးမှုအနေနဲ့ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေးနှင့် ယင်းမာပင်မြို့နယ်တွေမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အကောင်ရေ ၄၅ သိန်းကျော်၊ ၂၀၁၇-၁၈ မှာ ၄၈ သိန်းခွဲ၊ ၂၀၁၈ ကာလတိုဘက်ဂျက်မှာ အကောင်ရေ ၅၁ သိန်းကျော်၊ ၂၀၁၈-၁၉ မှာ ၅၃ သိန်းကျော်နှင့် ၂၀၁၉-၂၀ မှာ အကောင်ရေ သိန်းပေါင်း ၆၀ နီးပါးကို စိုက်ထည့်ပေးခဲ့တယ်လို့ အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ငါးလုပ်ငန်းကနေလည်း အခွန်အခအမျိုးအစား ၉ ခုကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်းပေါင်း ၁၃၇၅ သန်းကျော်ထိ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အေပီတီ (မျက်မှောက်ခေတ်)

error: Content is protected !!