Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးထပ်တိုး၊ ပိုးတွေ့သူ ၂၀ ဦးထိရှိလာ။

စစ်ကိုင်းတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးထပ်တိုး၊ ပိုးတွေ့သူ ၂၀ ဦးထိရှိလာ။

မြန်မာနိုင်ငံမှာ ဒုတိယအကျော့အဖြစ် ကိုဗစ် ၁၉ ကပ်ရောဂါက နေ့စဉ်ကူးစက်ပျံ့နှံ့မှု များပြားလာနေတာပါ။ ကိုဗစ်ကပ်ရောဂါကူးစက်မှုက မြင့်တက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဒုတိယအကျော့မှာ ရောဂါပိုးကူးစက်ခံရသူ ဦးရေ ၂၀ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။ အများစုက ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေတာပါ။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းထိ တိုင်းအတွင်း ကောလင်း၊ စစ်ကိုင်း၊ ဝက်လက်စတဲ့ မြိုနယ်တွေမှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိထားတဲ့ မြို့နယ်အနေနဲ့ ၁၆ မြို့နယ်အထိ ရှိလာနေပြီး သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်တွေအရ ကလေးမြို့တွင် ၄ ဦး၊ ကောလင်းမြို့တွင် ၂ ဦး၊ မြင်းမူ၊ မြောင်၊ အင်းတော်၊ ဒီပဲယင်း၊ အရာတော်၊ မော်လိုက်၊ ဘုတလင်၊ ဟုမ္မလင်း၊ တန့်ဆည်၊ ခင်ဦး၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ဝက်လက်တို့တွင် ၁ ဦးစီ တွေ့ရှိထားပါတယ်။ အစောပိုင်း ကိုဗစ်ရောဂါစတင် ဖြစ်ပွားစဉ်ကလည်း စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့မှာ ၆ ဦးနှင့် စစ်ကိုင်းမြို့မှာ ၃ ဦးတို့ တွေ့ရှိခဲ့ပါသေးတယ်။

“ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကတော့ ပထမထက် အခုလှိုင်းက ပိုမြန်ပါတယ်။ သေဆုံးမှုနှုန်းကလည်း များပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် မြို့နယ်တော်တော်များများမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတွေကို ခရိုင်လိုက် တာဝန်ချထားပေးပြီး ဖြစ်ပါတယ်။ အရင်ကဆိုရင် လူတွေ Mask မတပ်ကြဘူး။ အခုဒုတိယလှိုင်းမှာ လူတွေတော်တော်များများက ၉၀ ရာခိုင်နှုန်းလောက်က Mask တွေ တပ်ဆင်လာပါပြီ။ ရောဂါကူးစက်ခံရတဲ့သူတွေ နိုင်နိုင်နင်းနင်း လုပ်ဆောင်ထားပါတယ်။ လူနာတွေရဲ့ အခြေအနေကောင်းပါတယ်။ စိုးရိမ်ရတဲ့အခြေအနေ တစ်ယောက်မှ မရှိပါဘူး။”လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

တိုင်းအတွင်းရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ပြည်ပပြန် တစ်ယောက်သာ ပါဝင်ပြီး ကျန်တာတွေက ပြည်တွင်း ကူးစက်မှုဖြစ်ပါတယ်။ နောက်ထပ် တွေ့ရတဲ့ ၃ ဦးမှာ ကောလင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ရန်ကုန်တိုင်းက ပြန်လာသူဖြစ်ပြီး စစ်ကိုင်းမြို့နယ်က အသက် ၃၀ အရွယ် ပိုးတွေ့အမျိုးသမီးကတော့ မန္တလေးက ကားကုမ္ပဏီတစ်ခုမှာ အလုပ်သွားလုပ်နေတာဖြစ်ကာ အလုပ်ထဲမှာ ကိုဗစ်လူနာတစ်ဦးတွေ့ပြီး စစ်ဆေးရာက တွေ့ရှိခဲ့တာပါ။ ဝက်လက်မြို့နယ်က အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကလည်း မန္တလေးကို ဆေးခန်းပြသွားရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ လတ်တလောမှာတော့ ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူအားလုံးကို စာရင်းကောက်ယူကာ သီးခြားစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လိုက်နှင့် ခင်ဦးမြို့နယ်က ပိုးတွေ့လူနာတွေကလည်း တိုင်းအတွင်းမှာ တွေ့ရှိတာမဟုတ်ဘဲ ရန်ကုန်မှာ စစ်ဆေးရာကနေ တွေ့ရှိတာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံထားရသူ အသစ် ၃၂၀ ဦး၊ စုစုပေါင်းရောဂါကူးစက်ခံထားရသူ ၆၄၇၁ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၄၄၅ ဦးနှင့် သေဆုံးသူကလည်း ၁၀၀ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!