Home > သတင်း > ဒေသတွင်းသတင်း > ရခိုင်အရေး စတစ်ကာ ကမ်ပိန်းလှုူပ်ရှားခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံရ

ရခိုင်အရေး စတစ်ကာ ကမ်ပိန်းလှုူပ်ရှားခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်တွေလိုက်လံကပ်ခဲ့တဲ့ အမည်မသိ လူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မျက်မြင်တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ အမည်မသိသုံးဦးကို မုံရွာမြို့အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားလည်း ဖြစ်ပါတယ်။ သူတို့သုံးဦးက အမှတ် ၁ ရဲစခန်းရှေ့မှာ စတစ်ကာ လိုက်လံကပ်နေတုန်း ရဲတပ်ဖွဲ့က ဝိုင်း၀န်းဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။ “ကျနော်တို့လည်း အဖမ်းခံရတယ်လို့တော့ ကြားတယ်။ ရဲစခန်းရှေ့မှာ အဖမ်းခံရတယ်တဲ့။ ရခိုင်အရေးနဲ့ ပက်သက်လို့ စတစ်ကာတွေ ရဲစခန်းရှေ့မှာ ကပ်နေတုန်း ရဲတွေ ဝိုင်းဖမ်းကြတာတဲ့။ အဖမ်းခံရတဲ့သူတွေက ကျောင်းသားတွေလား၊ အရပ်သားတွေလားဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူး ဖြစ်နေတယ်။ ရခိုင်အရေးစတစ်ကာ ကမ်ပိန်းလှုပ်ရှားကြတဲ့နေရာမှာ အရပ်သားတွေလည်း ပါတယ်လို့ကြားတာပဲ။ မုံရွာပညာရေးကောလိပ်ကကျောင်းသားတွေလို့လည်း ကြားတယ်။”လို့ မုံရွာမြို့ ဗကသကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းက မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးမှာ စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုအတွက် ဖမ်းဆီးခံနေရသူတွေကို တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေးတစ်ခု လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်တဲ့ စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာမြို့က ဗကသကျောင်းသားတွေကို မြို့နယ်ရဲတပ်ဖွဲ့မှုးက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)(ခ)တို့နဲ့ တရားရုံးကို ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားပါတယ်။ မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ ကိုလင်းသူရကို ကိုလည်း သူနေထိုင်ရာ ကလေးမြို့ကို ရဲတပ်ဖွဲ့က သွားရောက်ကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာရွက်အတူကပ်ခဲ့သူ ဗကသကျောင်းသားတွေဖြစ်တဲ့ မုံရွာခရိုင်ဗကသ ဉက္ကဌ ကိုသီဟကျော်၊ မုံရွာတက္ကသိုလ် ဗကသဉက္ကဌ ကိုပြည့်ဖြိုးမောင်မောင်နှင့် ဗကသအဖွဲ့ဝင်ဟောင်း ကိုညီလင်းထင်တို့ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က မုံရွာမြို့မှာရှိတဲ့ တက္ကသိုလ်၊ စာသင်ကျောင်း၊ ဈေးနှင့် ဘူတာ၊ လမ်းဆုံးနေရာတွေမှာ ဗကသကျောင်းသားတွေက NO BLOODY GOVERNMENT ၊ NO MURDER ARMY ၊ ရက္ခိုင်ပြည်တွင် 4G Interment ပြန်ဖွင့်ပေးရေး၊ ပြည်တွင်းစစ်ကိုဆန့်ကျင်ကြ၊ ဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်ပေးရေး စတဲ့ အချက်တွေကို ရေးထားတဲ့ စာရွက်တွေကို လိုက်လံကပ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဗကသ ကျောင်းသားတွေကို ဖမ်းဆီးတာက မုံရွာတင်မက တခြားဒေသတွေမှာကော ရှိနေတာပါ။ လက်ရှိမှာ မိတ္ထီလာက ဗကသကျောင်းသား ၂ ဦး၊ ရခိုင်က ကျောင်းသား ၃ ဉီးတို့အပြင် ဝရမ်းထုတ်ခံထားရသူကလည်း အနည်းဆုံး ၁၅ ဦးထိ ရှိနေပြီလို့ ဗကသအဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဖမ်းဆီးခံကျောင်းသားတွေအားလုံး ကိုဗစ်ကာလဖြစ်လို့ဆိုပြီး သူတို့မိသားစုတွေနဲ့ တွေ့ခွင့် မရသေးဘူးလို့လည်း သိရပါတယ်။ လက်ရှိမုံရွာမြို့မှာ ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ မနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်မှာ ဆိုင်ကယ်ပေါ်ကနေ စာရွက်တွေ ဖြန့်ကြဲတာတွေရှိခဲ့ပြီး စာရွက်တွေမှာတော့ ရခိုင်အရေးနဲ့ပတ်သက်လို့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!