ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအဆောက်အအုံအတွင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး Facility Quarantine ထားရန် ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်း ဖျက်ဆီးခံရတယ်လို့ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပြောပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့က ထန်တလန်မြို့မှာ တရုတ်နိုင်ငံက ပြန်လာသူနှစ်ဦး ပြန်လည်ရောက်ရှိလာတဲ့အတွက် အမှတ်(၃) ရပ်ကွက် မိုးလုံလေလုံ အားကစားရုံ အဆောက်အအုံအတွင်းမှာ Facility Quarantine ထားဖို့ သွားရောက်ကြည့်ရှု့ရာမှာ ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်းကို ဖျက်ဆီးခံထားရတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“မိုးလုံလေလုံအားကစားရုံမှာ Community Base Facility Quarantine ထားဖို့ ကျွန်တော်တို့ပြင်ဆင်ထားတာ။ ၈ ပေပတ်လည် ၈ ပေအမြင့် အခန်းတွေဖွဲ့ထားတာ။ အခန်း ၁၇ ခန်းဖွဲ့ထားတာ။ အရင်က လူများတော့ အဲဒီမှာထားတယ်။ အခုနောက်ပိုင်း လူနည်းတော့ ဆေးရုံမှာထားတာ။ မနေ့ကမှ တရုတ်ပြန်နှစ်ယောက်ရောက်လာလို့ Facility Quarantine ထားဖို့ သွားပြီး ဖွင့်တဲ့အချိန်မှာ အခန်း ၁၅ ခန်းက အဖျက်ဆီးခံထားရတယ်။”လို့ ဦးအောင်ဆွေမြင့်က ပြောပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့အခန်း ၁၅ ခန်းအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့က ရဲကိုအမှုဖွင့်ထားတာပေါ့။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းဖော်ထုတ် အရေးယူသွားမှာပေါ့။ ဖျက်ဆီးခံရတဲ့ဟာတွေ ပြန်လုပ်ရမယ်။ ဒီဟာတွေက ကိုယ့်အားကိုယ်ကိုး လုပ်ထားတာပါ။ ကိုယ့်မြို့နယ်အစီအစဉ်နဲ့ လုပ်ထားတာ။ စနစ်တကျလုပ်ထားတဲ့ဟာတွေကို ဖျက်ဆီးခဲ့ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်။”လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့နေရာကို ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သွားရောက် ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ကာ တရားခံ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
သူရိယထက်