Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူရေးရာသို့ တိုင်ကြားမှု ၉၀ ရှိပြီး အများဆုံးက ဆက်သွယ်ရေးကိစ္စတွေဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူရေးရာသို့ တိုင်ကြားမှု ၉၀ ရှိပြီး အများဆုံးက ဆက်သွယ်ရေးကိစ္စတွေဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီးမှာ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာကို တိုင်ကြားမှု (၉၀) မှုရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ် ဩဂုတ်လအထိ တိုင်းဒေသကြီးအတွင်းက ကလေးခရိုင် တိုင်းကြားမှု (၁၆)မှု၊ ကသာခရိုင်တွင် (၁၆)မှု၊ ကန့်ဘလူခရိုင်တွင် (၇)မှု၊ စစ်ကိုင်းခရိုင်တွင် (၁၈)မှု၊ မုံရွာခရိုင်တွင် (၁၆)မှု၊ ယင်းမာပင်ခရိုင်တွင် တိုင်းကြားမှု (၇)မှု၊ နှင့် ရွှေဘိုခရိုင်တွင် တိုင်းကြားမှု (၈)မှုစုစုပေါင်း တိုင်းကြားမှု (၉၀)မှု ရှိပြီး အားလုံးကို ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။

“ဝန်ဆောင်မှုအပိုင်းကတော့ ၃ မျိုးရှိတယ်။ အဲဒီ ၃ မျိုးထဲမှာ အများဆုံးကတော့ ဆယ်သွယ်ရေး တယ်လီနော၊ အော်တီဒူးတို့က ဆယ်သွယ်ရေးအဆင်မပြေတာတွေ တိုင်ကြားတာများတယ်။ ကုန်စည်ပိုင်းနဲ့ပတ်သက်လို့ လယ်ယာသုံးစက်ကိရိယာတွေလည်း တိုင်ကြားတာတွေရှိတယ်။  လယ်ယာသုံးစက်ကိရိယာတို့ကို ဝယ်ပြီးသုံးစွဲတဲ့အခါမှာ မကောင်းတာတို့၊ ပျက်တာတို့ရှိရင် တိုင်ကြားလို့ စိစစ်ပေးတာတွေလည်းရှိတယ်။ အစားအသောက်ကတော့ အစားသောက်ပစ္စည်းတွေနဲ့ပတ်သက်လို့ ထုတ်ကုန်လုံခြုံစိတ်ချမှုမရှိတဲ့ဟာတွေကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ တိုင်ကြားတာတွေရှိတယ်။ အရေးယူမှုတော့မရှိသေးဘူး။ ခေါ်ယူသတိပေး၊ ဝန်ခံကတိလက်မှတ်တို့လုပ်တယ်။ ဥပဒေအရ အရေးယူတာမရှိသေးဘူး။ ခေါ်ယူပညာပေးတာတွေ အဓိကထားလုပ်တာ။”ညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ပြောပါတယ်။

စားသုံးသူကာကွယ်ရေးဥပဒေကို ချိုးဖောက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ ပုဒ်မ-၅၂ (က) သတိပေးခြင်း၊ (ခ) ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ (ဂ)အစားထိုးပေးစေခြင်း၊ (ဃ)ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့အရ စားသုံးသူ လုံခြုံစိတ်ချရမှု ရရှိစေရန်နှင့် ထုတ်ကုန်တွေ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါအတိုင်း လုပ်ငန်းရှင်တွေရဲ့ တာဝန်တွေကိုလည်း အသိပညာပေးတာတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

“အရေးယူမှုအပိုင်းကတော့ စားသုံးသူဥပဒေကလည်း ပေါ်ပေါက်တာမကြာသေးဘူး။ ပြည်သူလူထုကလည်း ဒါနဲ့ပတ်သက်ပြီး ကျေကျေညက်ညက် မသိတော့ တိုင်းစားသုံးသူရေးရာ ကော်မတီအနေနဲ့ကတော့ ၁ နှစ်၊ ၂ နှစ် အသိပညာပေးပေါ့။ နောက်ကျရင်တော့ ထိထိရောက်ရောက် လုပ်ရမှာမျိုးရှိတယ်။”လို့လည်း ဆိုပါတယ်။

အများပြည်သူကို ထိခိုက်နစ်နာစေမယ်ဆိုရင် ဥပဒေပါ စီမံခန့်ခွဲမှု ပြစ်ဒဏ်တွေလည်း ချမှတ်ဆောင်ရွက်နေပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးတာ၊ အသိပညာပေးတာနှင့် အရေးယူတာတွေကို ဆောင်ရွက်ပေးနေတဲ့အပြင် တိုင်းအတွင်း စားသုံးသူတွေအတွက် မနစ်နာစေရေးကို အထူးအလေးထားကာ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး အသီးသီးတို့မှာ တိုင်ကြားမှုတွေကို လက်ခံဖြေရှင်းဆောင်ရွက်ပေးနေတာလည်း ရှိနေပါတယ်။

သူရိယထက်

error: Content is protected !!