စစ်ကိုင်းမြို့၊ ရတနာပုံတံတားပေါ်ကနေ ဧရာ၀တီမြစ်အတွင်း ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတာပါ။ ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့၊ ဧမြ၀တီဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။
“မနက် ၆ နာရီခွဲလောက်က ဧမြ၀တီဆိပ်ကမ်းနားလေးမှာ မျောလာတာတွေ့လို့ ဆယ်ယူပြီး စစ်ကိုင်းဆေးရုံကို ပို့လိုက်ပါပြီ။”လို့ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (SERT) က ကိုစိုးမင်းထွန်းက ပြောပါတယ်။
တံတားပေါ်က ခုန်ချခဲ့သူက စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ နယ်မြေ ၄ မှာနေထိုင်သူဖြစ်ပြီး အရက်ကြောင်နေသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ခုန်ချပျောက်ဆုံးနေသူကို စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ သုခကာရီလူမှုကူညီရေးအသင်းနှင့် SERT အဖွဲ့တို့ ပူးပေါင်းကာ ၃ ရက်ကြာ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့တာပါ။
ဧရာ၀တီမြစ်အတွင်း စစ်ကိုင်းတံတား (အင်း၀)နှင့် စစ်ကိုင်းတံတား (ရတနာပုံ)တို့ကနေ ခုန်ချမှုတွေက ၂၀၂၀ ခုနှစ်အတွင်း ၃ ကြိမ်ထိ ရှိပြီဖြစ်ပြီး လူ ၄ ဦး သေဆုံးထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ဒီတံတားနှစ်စင်းပေါ်ကနေ ဧရာ၀တီမြစ်အတွင်း ခုန်ချမှု ၇ ကြိမ်ထိ ရှိခဲ့တယ်လို့ SERT အဖွဲ့ထံကနေ သိရပါတယ်။
အခုလို တံတားပေါ်က ခုန်ချမှုတွေက မကြာခဏဆိုသလို ဖြစ်ပေါ်လာတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဒေသန္တရ အမိန့်တွေ ထုတ်ပြန်ပေးဖို့လည်း စစ်ကိုင်းမြို့ခံတွေက လိုလားနေကြပါတယ်။ အစိုးရရုံးစိုက်ရာ မုံရွာမြို့ မြစ်ကမ်းတလျှောက်မှာ ရေကူးလို့ ရေနစ်သေဆုံးမှုတွေ ဖြစ်ပေါ်စဉ်က သတိပေးတားမြစ်တဲ့ ဒေသန္တရအမိန့်တွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။
#စစ်ကိုင်းတံတား #ခုန်ချသေဆုံးမှု #အလောင်းပြန်တွေ့ #ဒေသန္တရအမိန့် #မျက်မှောက်ခေတ်