၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ကျောင်းသားတွေထဲက ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၃၉၂၄ ဦး အရင်နှစ်ကထက် တိုးတက်လာတယ်လို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ အောင်ချက်ရာခိုင်နှုန်းကလည်း တိုးလာခဲ့ပြီး ဖြေဆိုသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ နှစ်က အောင်ချက်ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အောင်ချက်ရာခိုင်နှုန်း တိုးလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်းက ၃၄.၁၅% ရရှိခဲ့ပါတယ်။ ယခုနှစ် ရရှိတဲ့ အောင်ချက်ရာခိုင်နှုန်းက ၃၅.၁၇% ရရှိခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းတိုးလာပြီးတော့ နိုင်ငံတော်အဆင့်မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂုဏ်ထူးရရှိတဲ့ဦးရေကတော့ စုစုပေါင်း ၆၅၁၇ ဦး ယခင်နှစ်က ရရှိခဲ့ပါတယ်။ ယခုနှစ်မှာ စုစုပေါင်း ဂုဏ်ထူးရရှိတဲ့ ဦးရေက ၁၀၄၄၁ ဦးရရှိခဲ့ပါတယ်။ ယခင်နှစ်ကရရှိခဲ့တဲ့ ဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခုနှစ်မှာ ၃၉၂၄ ဦး ပိုမိုပြီးတော့ ရရှိလာတာကို တွေ့ရှိရပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှုးရုံးမှာ ညွှန်ကြားရေးမှုး (ပညာ) ဒေါ်ကြည်ကြည်မာက ပြောပါတယ်။
ဂုဏ်ထူးရကျောင်းသားတွေ တိုးလာခဲ့သလို တစ်နိုင်ငံလုံး အဆင့် ၁၀ အတွင်းမှာလည်း ဝိဇ္ဇာဘာသာတွဲကနေ ၂ ဦး ပေါ်ထွက်ခဲ့ပြီး တခြားဘာသာတွဲတွေကတော့ အဆင့် ၁၀ အတွင်း မရရှိခဲ့ပါဘူး။ ဒါ့အပြင် တဖက်မှာလည်း အောင်ချက် သုညသာရရှိတဲ့ ကျောင်းအရေအတွက်ကလည်း မနှစ်ကထက် တိုးလာခဲ့ပြီး ၃၅ ကျောင်းထိ ရှိလာတယ်လို့ သိရပါတယ်။ အောက်ချက် ၁၅ ရာခိုင်နှုန်းအောက် လျော့နည်းတဲ့ ကျောင်းတွေကိုတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ ဘာသာရပ်ပြ ဆရာ၊ ဆရာမတွေကို ခေါ်ယူတွေ့ဆုံကာ တက္ကသိုလ်က ဘာသာရပ်အလိုက် ပါမောက္ခတွေနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။