ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၄ ဦး ဒေသခံချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM Siyin ထံအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သိုင်းငင်းရွာမှာ အထိုင်ချထားတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ က တပ်ကြပ်ကြီး နှင့် ဒုတပ်ကြပ်ကြီး အပါအဝင် စစ်ကောင်စီတပ်သားလေးဦးဟာ ဇွန်လ ၁၇ ရက်နေ့မှာ အလင်းဝငိခဲ့တယ်လို့ CDF CDM Siyin က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF CDM Siyin က နွေးထွေးစွာ ကြိုဆိုပြီး ဆုငွေ ချီးမြင့်ခဲ့တယ်လို့လည်း CDF CDM Siyin ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သိုင်းငင်းရွာဟာ ကလေးမြို့နဲ့ မိုင်သုံးဆယ်ဝန်းကျင်အကွာ ကလေး – ဖလမ်း – ဟားခါး လမ်းမကြီးနဲ့ ကလေး – တီးတိန် လမ်းမ အဆုံမှာတည်ရှိတာကြောင့် ချင်းပြည်လမ်းပန်းဆက်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
သိုင်းငင်းစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ချင်းတော်လှန်ရေးဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာကနေ လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘလကုနိပိုင်းကစ စစ်တပ်က အင်အောင်းထောင်ဂဏန်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီနဲ့မေလထဲမှာ ဖလမ်းမြို့နဲ့ တွန်းဇံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့နဲ့ ယောဒေသဘက်ကနေ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။






