Home > သတင်း > စီးပွားရေး > ယောဒေသတောင်ပိုင်း စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်

ယောဒေသတောင်ပိုင်း စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်

မကွေးတိုင်း၊ ယောဒေသတောင်ပိုင်း၊ ဆောမြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။

ယောဒေသ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းတွေကြောင့် လောင်းရှည် – ကျောက်ထု – ပေါက်လမ်းပိုင်းက ကျေးရွာနှစ်ဆယ်ကျော် အပါအဝင် ဆောမြို့ပေါ်က ပြည်သူတွေပါ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

“ တပြင်းဆို ရှောင်နေရတာ တစ်လကျော်ပြီဗျာ။ ရွာသာဆိုလည်း တော်တော်ခက်တယ်ဗျာ။ တေး၊ စံ ဘက်က စစ်ရှောင်တွေလည်းခက်တာပဲ။ လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲတော့ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်တွေတောင် ပြတ်မှာစိုးရိမ်ရတယ်”လို့ ယောဒေသ တောင်ပိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တပြင်းကျေးရွာနဲ့ ကံချောင်းချောင်းကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပြီး တောလမ်းတွေဟာလည်း စစ်တပ်က စစ်ကြောင်းထွက်တဲ့အချိန်ဆိုသွားလာလို့ မရဘူးလို့ နောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယောဒေသတောင်ပိုင်း၊ ဆောမြို့နယ်မှာ အင်အားဖြန့်ကျက်ထားပြီး ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်းမြို့တွေဆီကို မကပ်နိုင်သေးဘဲ ယောနဲ့ ချင်းနယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

“ စစ်တပ်က ချင်းတောင်ကိုလည်းမတိုးနိင်ဘူး။ ဒီတော့ စစ်က ကြာနိုင်တယ်။ စစ်တပ်က ရိက္ခာဖြတ်တောက်ရေးလုပ်တဲ့ထဲမှာ ယောတောင်ပိုင်းလည်းပါနေတယ်။ အကုန်လုံးတတ်နိုင်သမျှ ဝိုင်းကူကြမှသာ စစ်ရှောင်ပြည်သူတွေအတွက် အဆင်ပြေမယ်” လို့ ယောတောင်ပိုင်းဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မေလဒုတိယပတ်ကစလို့ ယောဒေသကို အင်အားထောင်ဂဏန်းနဲ့ စစ်ကြောင်းထိုးခဲ့တာပါ။ အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ရေရှည်စစ်ပွဲဆင်နွဲရနိင်ပြီး ပြည်သူတွေ အနေနဲ့ ပြင်ဆင်ထားကြဖို့ တော်လှန်ရေးအင်အားစုဝင်အချို့က မေလဆန်းပိုင်းမှာ အွန်လိုင်းပေါ်ကနေ နှိုးဆော်ခဲ့တာတွေကို တွေ့ရပါတယ်။

Photo – ယောအလင်းတန်း

error: Content is protected !!