Home > သတင်း > စစ်ရေး > အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ ၊ ကျေးရွာတွေ စစ်‌ဘေးရှောင်နေကြရ

အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ ၊ ကျေးရွာတွေ စစ်‌ဘေးရှောင်နေကြရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ တမူးမြို့နယ်ထဲက အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမ ဖြစ်တဲ့ကလေး – တမူး လမ်းမ ပေါ်မှာ အာဏာသိမ်း စစ်တပ်က အကြမ်းဖက် နိုင်နင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးပြီး မီးရှို့ ဖက်ဆီးမှုတွေလည်းပြုလုပ်ခဲ့တာကြောင့် ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၂၀ ဝန်းကျင်က ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ မနေ့က ခုံသာရွာကနေအိမ်တွေကို မီးရှို့တာရှိတယ်။ ပျက်စီးမှုတွေကိုတော့ အခုမသိနိုင်သေးဘူး။ စစ်ဘေးရှောင်ကြတာက ကလေးမြို့၊ တာဟန်းဘက်နဲ့ လက်ပန်ချောင်းဘက်ကို ရှောင်ကြတာများတယ်။ တချို့လည်း အိန္ဒိယနယ်စပ်ကို ရှောင်ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာမှာ မရှောင်ဘဲ နေနေကြတဲ့သူ အချို့လည်း ရှိပါတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
မြို့ပေါ်နဲ့ နယ်အိန္ဒိယနိုင်ငံထဲထိ မသွားနိုင်ဘဲ တောတောင်ထဲမှာ ရှောင်နေကြရသူတွေလည်းရှိပြီး သူတို့အတွက် ရေရှားပါး’မှုအပါအဝင် အခက်အခဲတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ကလေးမြို့‌ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းကို အာဏာသိမ်းစ်တပ်က ပြန်လည်ထိန်းချုပ်ဖို့ ကလေးမြို့ဘက်ကနေ စစ်ကြောင်းတစ်ခု နဲ့ တမူးဘက်ကနေ စစ်ကြောင်းတစ်ခု စစ်ကြောင်းနှစ်ခုညှပ်ပြီး ထိုးနေတာဖြစ်ပါတယ်။
ကလေးမြို့နဲ့ တမူးမြို့ ကြားက ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ကလေး – တမူး လမ်းပိုင်းအများစုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိနိ္ဒယကို လေးရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာ-အိန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ ကလေး – တမူးလမ်းမကို အာဏာသိမ်းစစ်တပ်က ခုလို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ကလေးမြို့ကနေ မြို့နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က ဇွန် ၇ ရက်နေ့ကစ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပြီး တိုက်ပွဲအခြေအနေကို သိရှိရခြင်းမရှိသေးပါ။
“ တနေ့က ( ဇွန် ၉ ရက်နေ့) မနက် ၁၀ နာရီ ကျော်ကျော် လောက်မှာ Y12 လေယာဉ်နဲ့ကလေးမြို့ကို လက်နက်ခဲယမ်းတွေ လာပို့သွားတယ်။ ပြီးတော့ ကလေးမြို့နယ်မြောက်ပိုင်းကို နေ့လယ် ၁ နာရီလောက်မှာ မြို့နယ်မြောက်ပိုင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်” လို့ ကလေးမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းနဲ့ တမူးမြို့နယ်မှာ အာဏာသိမ်းစစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မျက်မှောက်ခေတ်က စုံစမ်းနေပါတယ်။ စစ်ကြောင်းတလျောက် တွေ့တဲ့ အရပ်သားအမျိုးသားတွေကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို PDF အဖြစ် သရုပ်ဖော်ခိုင်းတဲ့ စစ်တပ််ရဲ့ ဖုန်းနဲ့ညွန်ကြားနေတဲ့ အသံဖိုင်တစ်ခုလည်း ပေါက်ကြားခဲ့ပါသေးတယ်။
တမူးမြို့ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို ထိုးလာတဲ့ စစ်ကြောင်းဟာ ခမ်းပတ်မြို့နဲ့ မိုင် နှစ်ဆယ်ကျော်အကွာ နန်းမွန်တားကျေးရွာကို ဇွန် ၈ ရက်နေ့မှာ သိမ်းယူခဲ့ပြီး ခမ်းပတ်နဲ့ တမူးကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကလေးနဲ့ တမူးကြား အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်က ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကလည်း အာဏာသိမ်းစစ်တပ်က အင်အားထောင်ဂဏန်းနဲ့ ခမ်းပတ်မြို့ကို ထိုးစစ်ဆင်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းကို တားဆီးနိုင်ခဲ့ပါတယ်။

error: Content is protected !!