Home > သတင်း > စစ်ရေး > အာဏာသိမ်းစစ်တပ်က ချင်းနဲ့ယောမှာ ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေကို ဒုတိယအကြိမ်မြောက် လေယာဉ်နဲ့ခေါ်ဆောင်

အာဏာသိမ်းစစ်တပ်က ချင်းနဲ့ယောမှာ ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေကို ဒုတိယအကြိမ်မြောက် လေယာဉ်နဲ့ခေါ်ဆောင်

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ လေယာဉ်ကွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး ချင်းနဲ့ယောတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို တင်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယောဒေသ၊ ကျောက်ထုကို ဇွန် ၅ ရက်နေ့မှာ ယောဒေသ၊ ကျောက်ထုမြို့ လေယာဉ်ကွင်းကို အာဏာသိမ်းစစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးဆင်း သက်ခဲ့ပြီး ရိက္ခာခဲယမ်းတွေချကာ ယောနဲ့ချင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်တင်ဆောင်သွားတယ်လို့ သိရပါတယ်။

“ကျောက်ထု လေယာဉ်ကွင်းကို လေယာဉ်ဆင်းလို့ရသွားတာက သူတို့အတွက် အားသာချက်လို ဖြစ်သွားတယ် ဆိုရမယ်။ အရင်ကတော့ ရဟတ်ယာဉ်ဆင်းတာမျိုးရှိတယ်။ လေယာဉ်ကတော့ စစ်ကြောင်းတွေထိုးပြီးတော့ သူတို့ ဆင်းနိုင်အောင် လုပ်တာ” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဇွန် ၅ ရက်နေ့က ကျောက်ထုမြို့ကနေ ထိခိုက်ဒဏ်ရာရတဲ့ စစ်သား ၄၃ ဦးကို သယ်ဆောင်သွားခဲ့တယ်လို့ ယောဒေသ သတင်းတွေကို တင်ဆက်နေတဲ့ ယောအလင်းတန်းက ရေးသားထားပါတယ်။

ဇွန် ၅ ရက်နေ့က ကျောက်ထုမြို့ကနေ ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေကို စစ်တပ်က လေယာဉ်နဲ့လာရောက်သယ်ဆောင်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း Y8 လေယာဉ်ဆင်းသက်ကာ ထိခိုက်ဒဏ်ရာရတဲ့ စစ်တပ်အဖွဲ့ဝင် ၅၀ ကျော်ကို သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယောဒေသတောင်ပိုင်းနဲ့ ချင်းပြည်တောင်ပိုင်းကို ပြီးခဲ့တဲ့ မေလလယ်ကစ အင်အားထောင်ဂဏန်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ယော‌ဒေသနဲ့ ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို ယောဒေသ ပေါက် – တပြင်း – ကျောက်ထု လမ်းတလျောက်တိုက်ခိုက်ခဲ့ရာမှာ အာဏာသိမ်းစစ်တပ်ဘက်က ၈၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယောတပ်တော် (YA) က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်တောင်ပိုင်းမှာလည်း မေ ၁၈ ရက်နေ့ကစ စစ်ကြောင်းထိုးခဲ့တာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ချင်းမှာ သေတာတွေကလည်း မနည်းပါဘူး။ သူတို့တွေ ရှေ့ဆက်လည်း မတိုးနိုင်ဘူး။ စစ်တပ်ဘက်က သေဆုံးတာတွေကို သက်ဆိုင်တဲ့အဖွဲ့တွေက အချိန်တန်ရင် တရားဝင်ထုတ်ပြန်မှာပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဗျူဟာကျကျတိုက်ခိုက်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေပေမယ့် နောက်ထပ် နှစ်လသုံးလလောက်ကြာမှ အောင်ပွဲအဖြေထုတ်နိုင်မယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေ အတွင်းရေးမှူး ဆလိုင်းယောမာန်က ဇွန် ၆ ရက်နေ့ ရန်ပုံငွေ ရှာဖွေပွဲမှာ ပြောဆိုထားပါတယ်။

error: Content is protected !!