စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာကို ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ စစ်ကားအကြီး ၆ စီးနဲ မုံရွာဘက်ကနေ ဆားလင်းကြီးဘက်ကို ကူးလာပြီးနောက် ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာကို စစ်ကြောင်းထိုးလာတာလို့ ပြောပါတယ်။
“အင်အားရာကျော်ပါတယ်။ အခုတယ်ပင်ရွာထဲ စဝင်နေပြီ။ စစ်ကားအကြီး ခြောက်စီးလည်းပါလာတယ်။ ဒေသခံတွေကတော့ ထုံးစမ်အတိုင်းပဲ။ ထွက်ပြေးကုန်ပြီ”လို့ ယင်းမာပင်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း အင်အားရာချီပါ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ် ။
ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တယ်ပင်ကန်ရွာ ၊ နှောရိုးရွာ ၊ ကောင်းဆင့်ရွာ ၊ မောက်သရက်ရွာနဲ့ ရွာသာယာရွာစတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။






