Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းထဲက နယ်တွေမှာ ဓာတ်ဆီစျေးထပ်တက်နေ

စစ်ကိုင်းတိုင်းထဲက နယ်တွေမှာ ဓာတ်ဆီစျေးထပ်တက်နေ

မကွေးတိုင်း၊ စစ််ကိုင်းတိုင်း ကျေးလက်ဒေသတွေမှာ မနေ့ မတ် ၂၇ ရက်နေ့ မနက်ပိုင်းအထိ ဓာတ်ဆီတစ်လီတာကို တစ်သောင်းနှစ်ထောင်စျေးရှိရာက ညနေပိုင်းမှာတော့ တစ်သောင်းသုံးထောင်အထိ စျေးတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ်တွေ ရေဆေးပြီးသိမ်းကြပြီ။ ဘယ်စီးနိုင်တော့မလဲဗျ။ မဖြစ်မနေအရေးပေါ်အတွက်ပဲ ဓာတ်ဆီက ထားရမှာ” လို့ မကွေးတိုင်း ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဓာတ်ဆီတစ်ပေပါကို နှစ်ဆယ်လေးသိန်းအထိစျေးပေါက်နေတာအပြင် စျေးမငြိမ်သက်မှုကြောင့် ဓာတ်ဆီ ဆက်မရောင်းနိင်တော့ဘူးလို့ ယောဒေသ၊ ထီးလင်းမြို့နယ် ဓာတ်ဆီရောင်းနေသူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်း၊ ယောဒေသနဲ့ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဒေသမှာလည်း ဓာတ်ဆီစျေးတွေဟာ မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂၇ ရက်နေ့အထိ တစ်ဂါလံကို ငါးသောင်းစျေးပေါက်နေရာကနေ ဒီကနေ့ မတ် ၂၈ ရက်နေ့မှာတော့ တစ်ဂါလံကို ငါးသောင်းနှစ်ထောင်ကနေ ခြောက်သောင်းခွဲအထိ အမျိုးမျိုးရောင်းချနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့ပေါ်မှာတော့ ဓာတ်ဆီတစ်ဂါလံကို လေးသောင်းရှစ်ထောင်စျေးပေါက်နေပြီး ဓာတ်ဆီဆိုင်တွေအနေနဲ့ ဆိုင်ကယ်တစ်စီးကို တစ်သောင်းဖိုးသာ ထည့်ပေးတော့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဓာတ်ဆီစျေးထပ်မံမြင့်တက်လာတာကြောင့် ဆိုင်ကယ်နဲ့စျေးလှည့်လည်ရောင်းချသူ၊ ဆိုယ်နဲ့အလုပ်ကိုသွားရတဲ့ နေ့စားအလုပ်သမား၊ တောကိုဆိုင်ကယ်နဲ့သွားလာနေရတဲ့ တောင်သူတွေ၊ စိုက်ပျိုးရေးလုပ်ကိုင်နေကြသူတွေဟာ အခက်အခံကြုံနေရပြီဖြစ်ပါတယ်။
“စျေးကတော့ ဆိုင်ကယ်နဲ့လာရောင်းဖို့ မဖြစ်နိုင်တော့ဘူး။ စက်ဘီးနဲ့လာနိုင်မလား ကြိုးစားကြည့်ရဦးမယ်” လို့ စျေးလှည့်လည်ရောင်းချသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
နေ့စားလုပ်ကိုင်နေကြသူတွေအနေနဲ့ တစ်ရက်လုပ်အားခ တစ်သောင်းကျပ်ကနေ တစ်သောင်းနှစ်ထောင်ထိသာ ရရှိတာမို့ သူတို့ရဲ့လုပ်အားခဟာ ဓာတ်ဆီတစ်လီတာ မရတော့ဘူးလို့ ဆိုပါတယ်။
တောင်သူတွေအနေနဲ့ ပဲသိမ်းပြီးခါစ အချိန်ဖြစ်ပေမယ့် ပဲစျေးတွေမကောင်းတာအပြင် ဝယ်လက်လည်း အေးနေတယ်လို့ သိရပါတယ်။ အခုလိုအခြေအနေမှာ ဒီဇယ်ဓာတ်ဆီစျေးတက်နေတာကြောင့် လာမယ့် စိုက်ပျိုးရာသီအတွက်ပါ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲထောပတ်တစ်တင်းကို ရှစ်သောင်း၊ ပဲယင်းတစ်တင်းကို ခုနစ်သောင်းစျေးရှိတာကြောင့် ဆီတစ်ပေပါကို ပဲထောပတ် အတင်းသုံးဆယ်၊ ပဲယင်း သုံးဆယ့်ငါးတင်းနဲ့ညီမျှနေတာဖြစ်တယ်လို့ မကွေးတိုင်း ယောဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

error: Content is protected !!