စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက မြို့ပေါ် – ပြောင်းပြာ – စားတောပြင်ရွာတွေကို စစ်ကော်မရှင်တပ်က မတ်လဒုတိယပတ်ကစလို့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့အထိ တပ်စွဲနေတာကြောင့် ဒေသခံတွေထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တပ်စွဲနေရယူထားမှုကြောင့် ထွက်ပြေးနေရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့ ကြုံတွေနေရတယ်လို့ဆိုပါတယ်။
“စစ်တပ်က စွဲထားတာ ရက်အတော်ကြာနေပြီ ။ ဒေသခံတွေကတော့ ကြုံတဲ့နေရာမှာ နေနေရတယ် ။ ရက်ရှည်ဆိုရင်တော့ စားဝတ်နေရေးအတွက် အတော်လေးခက်ခဲလာမယ်။ အခုတောင် စားဝတ်နေရေးက ခက်ခဲနေကြတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နေအပူရှိန်မြင့်မားနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေမှာ သက်ကြီးရွယ်အိုတွေပါဝင်နေတာကြောင့် မကျန်းမမာဖြစ်နေကြတဲ့သူတွေလည်းရှိနေသေးတယ်လို့ ပြောပါတယ်။
“နေက အရမ်းပူတယ်။ တောတောင်တွေမှာ မိုးကာတွေဆောက်ပြီးနေရတာ။ အပူရှပ်ပြီး ဖျားနာကြတဲ့ သက်ကြီးရွယ်အိုတွေလည်းရှိနေသေးတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းကြောင့် ထွက်ပြေးနေကြရတဲ့ ယင်းမာပင်မြို့အနီးက ရွာတွေကတော့ နုံးကြီး ၊ မြို့ပေါ် ၊ ပြောင်းပြာ ၊ စားတောပြင် ၊ လက်လှုပ် စတဲ့ရွာတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ပုံစာ – ယင်းမာပင်မြို့အနီးမှာ စစ်ဘေးရှောင်နေရတဲ့ မိုးကာတဲတလုံးကို တွေ့ရစဉ်။






