မကွေးတိုင်း၊ ယောဒေသနှင့် စစ်ကိုင်းတိုင်း ယင်းမပင်ခရိုင်၊ ကလေးခရိုင်က ကျေးလက်တွေမှာ ခုရက်ပိုင်းအတွင်း ဓာတ်ဆီစျေး ထောင်ဂဏန်းအထိ တက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
မကွေးတိုင်းယောဒေသမှာ နိုင်တီတူး ဓာတ်ဆီ တစ်လီတာကို ရှစ်ထောင်ရှိရာကနေ ပြီးခဲ့တဲ့ လေးငါးရက်လောက်ကစ တစ်လီတာကို တစ်သောင်းထိ စျေးတက်သွားတယ်လို့ ဓာတ်ဆီရောင်းတဲ့ ယောဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆီစျေးတွေက ပေပါလိုက်တောင် တစ်ပေပါကို သိန်းနှစ်ဆယ် အနည်းဆုံးရှိနေတယ်။ စျေးတက်ရောင်းရတာလည်း အားနာလှပါပြီ” လို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးဒေသမှာ ဓာတ်ဆီတစ်လီတာကို တစ်သောင်းစျေးရှိရာကနေ လက်ရှိမှာ တစ်လီတာကို တစ်သောင်းနှစ်ထောင်အထိ စျေးတက်သွားတယ်လို့ လုပ်ငန်းရှင်အမျိုးသားတစ်ဦးကပြောပါတယ်။
“ဓာတ်ဆီစျေးက ရွာတွေမှာ တစ်ဂါလံ ငါးသောင်း။ မြို့ပေါ်မှာဆို တစ်ဂါလံ သုံးသောင်းနှစ်ထောင်ပဲရှိတာ။ ဒါပေမယ့် မြို့ပေါ်မှာက လိုသလောက်ဝယ်လို့ မရဘူးလို့” သူကပြောပါတယ်။
ကလေးမြို့နယ်က ကျေးရွာအချို့မှာ နိုင်တီတူးဓာတ်ဆီ တစ်လီတာကို တစ်သောင်းနှစ်ထောင်စျေးရှိပြီး ကလေးမြို့ပေါ်မှာတော့ တစ်လီတာကို ရှစ်ထောင်နဲ့ နှစ်သောင်းဖိုးအထိ ထည့်လို့ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမပင်ခရိုင်က ကျေးလက်ဒေသတွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်မှာ စျေးထပ်တက်ခဲ့ပြီး နိုင်တီတူးဓာတ်ဆီ တစ်လီတာကို တစ်သောင်းနှစ်ထောင် ချက်ဆီ တစ်လီတာကို ကိုးထောင်စျေးရှိနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စျေးနည်းနည်းတက်တဲ့အပြင် နိုင်တီးတူးက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ လိုသလောက်ဝယ်လို့မရဘူး” လို့ သူက ပြောပါတယ်။
ဓာတ်ဆီတစ်လီတာကို ငါးထောင်ရှိရာကနေ ဖေဖော်ဝါရီလမှာ စတင်ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဓာတ်ဆီစျေးနှုန်းတွေဟာ နှစ်ဆကျော်အထိ တက်ခဲ့တာပါ။ လောင်စာဆီစျေးနှုန်းတွေကြီးမြင့်လာမှုနှင့်အတူ အခြားကုန်စျေးနှုန်းတွေပါ တစတစ လိုက်ပြီး စျေးနှုန်းကြီးမြင့်လာနေတယ်လို့ ယောဒေသက စျေးသည်အမျိုးသားတစ်ဦးက ဆိုပါတယ်။
Photo – CJ






