မကွေးတိုင်း၊ နတ်မောက်မြို့အနီးက မြို့အ၀င်စစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က မတ်လ၂၃ရက်မနက်ခင်းပိုင်းမှာ ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
နတ်မောက်မြို့နယ်တွင်းကို စစ်ကောင်မရှင်တပ်က ရာထူးအကြီးပိုင်းလာရောက်ဖို့ရှိတဲ့ သတင်းကြိုတင် ရရှိတဲ့အတွက်လဒေသခံတော်လှန်ရေးတပ်တွေက စောင့်ဆိုင်းခဲ့ပေမယ့် သတင်းပေါက်ကြားသွားတာကြောင့်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပေမယ့် နတ်မောက်မြို့ အ၀င် နဒီရွှေဝါ စစ်တပ်ဂိတ်ကို စီးနင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“နဒီရွှေဝါမြို့ဝင်ဂိတ်အားကျွန်တော်တို့အဖွဲ့များမှဝင်ရောက်စီးနှင်းရှာဖွေရာ HUILIX SURF ကား ၁ စီး ကွန်ပြူတာ ၂ လုံး ဖုန်း ၈ လုံး (အမျိုးအစားအစုံ) ပြည်သူများထံမှမတရားကောက်ခံငွေကျပ် ၅၁၀၀၀၀ တို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်”လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ပါတယ်။
နတ်မောက်မြို့ရဲ့ မြောက်ဘက် ၂ မိုင်ခန့် အကွာမှာရှိတဲ့ နဒီရွှေဝါ မြို့အ၀င် စစ်ဆေးရေးဂိတ်ဟာ ဒေသခံပြည်သူလူထုကို ပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိသလို ငွေကြေးတောင်းခံတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း အဲ့ဒီ စစ်ဆေးရေးဂိတ်က ပစ်ခတ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့၀င် ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
နတ်မောက်မြို့အ၀င် နဒီရွှေဝါ စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ် မောက် ပ.က.ဖ နဲ့ နတ်မောက် ငါးပြေမပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – နတ်မောက် ပကဖ






