စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ရွာ ၅ရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့ ပင်လည်ဘူးမြို့နယ်ဒေသခံက ပြောပါတယ်။
“လေယာဉ်သုံးစီးညှပ်ပြီး ဗုံးကြဲသွားတာ။ ထိခိုက်မှုကတော့ တစ်ယောက်မှမရှိဘူး။ လူနေအိမ်တွေကတော့ ထိခိုက်ပျက်စီးသွားတယ်” လို့ ပင်လည်ဘူးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ပင်းမူ၊ ရွှေဟင်္သာ၊ နားနန်း၊ ကော်တာ၊ တောင်ကုန်း အဲဒီရွာတွေကို ဂျက်ဖိုက်တာသုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် သင်္ဘောတာ၊ ကသော စတဲ့ရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြောင်၊ ပင်လည်ဘူး၊ ကျွန်းလှ ၊ အရာတော် စတဲ့မြို့နယ်တွေကို အခုမတ်လထဲမှာ ခတ်စိပ်စိပ်လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပုံအညွှန်း – ပင်လည်ဘူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။






