Home > သတင်း > စစ်ရေး > စစ်ရေး > ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး

ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၂ ဦးကျဆုံး

မကွေးတိုင်း၊ ယောဒေသ၊ ညောင်လယ်ကျေးရွာအနီးမှာ မတ် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ရဲဘော်နှစ်ဦးကျဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဘယ်ဘက်ကမှားတယ်၊ မှန်တယ်ဆိုတာထက် တော်လှန်ရေးသမားချင်း လက်နက်နဲ့ဒီလို လုပ်တာကို ဘယ်လိုမှ လက်မခံဘူး” လို့ ယောဒေသ တော်လှန်ရေးအင်အားစုဝင် အမျိုးသားတဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ယောကာကွယ်ရေးတပ် – YDF နဲ့ ယောကာကွယ်ရေးတပ် YDF မြေပြင် စစ်ဒေသရုံးတို့ကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“YDF ကနှစ်ခြမ်းကွဲနေတာ။ မြတ်သူ ဦးဆောင်တဲ့ YDF နဲ့ ကောင်းကောင်းဦးဆောင်တဲ့ YDF ဆိုပြီးကွဲနေတာ။ အခုပစ်ခတ်ခံရပြီး ကျဆုံးတာက မြေပြင်စစ်ရုံးချုပ်က ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် တစ်ဦးပါ။ မြတ်သူအဖွဲ့က ပစ်တာ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မေ ၈ ရက်နေ့မှာ ယောကာကွယ်ရေးတပ် – YDF မှ နေပြီး ဗိုလ်ကြီးကောင်းကောင်း ဦးဆောင်တဲ့ ရဲဘော်တွေခွဲထွက်ကာ မြေပြင်စစ်ဒေသရုံး ဦးဆောင်ကော်မတီ ယောကာကွယ်ရေးတပ် (YDF) အဖြစ် ရပ်တည်ခဲ့ကြကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် – YDF နှင့် ကောင်းကောင်းဦးဆောင်တဲ့ မြေပြင်စစ်ဒေသရုံး ဦးဆောင်ကော်မတီ ယောကာကွယ်ရေးတပ် (YDF) နှစ်ဖွဲ့ကြား တင်းမာမှုတွေဖြစ်ပွားနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုကြား သွေးစွန်းခဲ့ရတဲ့ ဖြစ်စဥ်ကြောင့် ယောဒေသပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“YDF နှစ်ဖွဲ့ကွဲတဲ့ တစ်နှစ်လောက်ကာလအတွင်း ဒေသတွင်းပြည်သူတွေ စိတ်ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ရတယ်။ စားပွဲဝိုင်းမှ ညှိလို့မရတော့ရင်၊ ပစ်ခတ်မှုတွေဆက်ဖြစ်ခဲ့ရင် အကျိုးဆက်တွေက အဆိုးတွေပဲ လာဖို့ရှိတယ်”လို့ ယောဒေသအရေး တက်ကြွလှုပ်ရှားသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လကလည်း ထီးလင်းမြို့နယ်ထဲမှာ ယောကာကွယ်ရေးတပ် – YDF ၊ GZA နဲ့ မြေပြင်စစ်ဒေသရုံး ဦးဆောင်ကော်မတီ ယောကာကွယ်ရေးတပ် (YDF) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံအညွှန်း – YDF စစ်မြေပြင်ရုံးမှ ဗိုလ်ကြီးကောင်းကောင်းပုံ။

error: Content is protected !!