Home > သတင်း > စစ်ရေး > ကနီလေကြောင်းတိုက်ခိုက်မှု သံဃာတော် ၁ ပါးပျံလွန်တော်မူ၊ ကပ္ပိယ ၁ ဦး သေဆုံး

ကနီလေကြောင်းတိုက်ခိုက်မှု သံဃာတော် ၁ ပါးပျံလွန်တော်မူ၊ ကပ္ပိယ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူး​လေကုန်းရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုမှာ သံဃာတော် ၁ ပါးပျံလွန်တော်မူပြီး ကပ္ပိယတဦး သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“အရပ်သားတွေကတော့ ဘေးကင်းတယ် ။ သံဃာတော်တစ်ပါးနဲ့ ကပ္ပိယတစ်ယောက်ကတော့ မနေ့က ဆုံးတယ်။ နောက်ထပ်သံဃာတော်နှစ်ပါးနဲ့ ကပ္ပိယတစ်ဦးတို့ကတော့ ထိခိုက်ခဲ့သေးတယ် ။ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းဆောင်အချို့ကတော့ ထိခိုက်ပျက်စီးပြီး မီးလောင်သွားတယ်” လို့ ကနီမြို့နယ် ဆူး​လေကုန်းရွာခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က မတ်လ ၂၁ ရက်မှာ ဆူး​လေကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲလေယာဉ် ၈ စီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ယင်းမာပင်၊ ကနီ၊ ပုလဲစတဲ့မြို့နယ်တွေမှာ ပြီးခဲ့လကနေ အခုလအထိ လေကြောင်းတိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်လာတာဖြစ်ပြီး ကသာ၊ ပုလဲ၊ ကနီ၊ ကျွန်းလှနဲ့ ယင်းမာပင်နယ်တွေမှာ စစ်ရှောင်ဦးရေ သိန်းနဲ့ချီရှိတယ်နေလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ပုံစာ – မတ်လ ၂၁ ကကနီမြို့နယ်၊ ဆူးလေကုန်းရွာလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာ။ (ဓာတ်ပုံ -ပုံဟောင်း)

error: Content is protected !!