စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘတ်ကျေးရွာကို စစ်တပ်က မတ်လ(၂၀)ရက် မနက်ပိုင်းမှာလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ (၁)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်တိုက် လေယာဉ်တစ်စီးက နဘတ်ကျေးရွာကို မနက်၁၁ နာရီခွဲ၀န်းကျင်မှာ ဗုံးသီး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘူး၊ဗုံး ၂ လုံး လာကြဲသွားတာ၊မိန်းကလေးတစ်ယောက် သေသွားတယ်၊ ၇ယောက်ဒဏ်ရာရတယ်၊အိမ်က ၅ လုံး ပျက်သွားတယ်” လို့ မြောင်ဒေသခံပြည်သူတစ်ဦး။က ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူရဲ့ အသက်အရွယ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။
မြောင်မြို့နယ် နဘတ်ကျေးရွာဟာ အိမ်ခြေ(၁၀၀၀) ကျော်ရှိတဲ့ စံပြကျေးရွာကြီးတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလည်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တာရှိတယ်လို့ သိရပါတယ်။






