Home > သတင်း > စစ်ရေး > အရွယ်ရောက်ပြီး ချင်းအမျိုးသားတွေ စစ်မှုထမ်းကြဖို့ ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ CNF / CNA တိုက်တွန်း

အရွယ်ရောက်ပြီး ချင်းအမျိုးသားတွေ စစ်မှုထမ်းကြဖို့ ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ CNF / CNA တိုက်တွန်း

အရွယ်ရောက်ပြီးတဲ့ ချင်းအမျိုးသားတွေအနေနဲ့ အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး ( CNF / CNA) က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မတ် ၂၀ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး အမည်နဲ့ တည်ရှိခဲ့တာ ၃၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဝင်လာတဲ့ ၃၈ နှစ်ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။

၃၈ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ချင်းတော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြတဲ့ သူရဲကောင်း အာဇာနည်တွေနဲ့ ကိုယ်လက်အင်္ဂါ တစိတ်တပိုင်း ပေးလှူခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကို ဂုဏ်ပြုဦးညွှတ် ဂါရဝပြုတယ်လို့ CNF / CNA က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်း စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေ အတုအယောင် လွှတ်တော် နှင့် စစ်တပ်အခွံလဲအစိုးရကို ဖွဲ့စည်းကာ စစ်အုပ်စုအာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုပြီး ပြည်သူနှင့် နိုင်ငံတကာကို လှည့်ဖြားဖို့ ကြိုးစားနေတာကို ပြည်သူတွေနှင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားကြဖို့လည်း ထုတ်ပြန်ချက်မှာ နှိုးဆော်ထားပါတယ်။

ပြည်သူနှင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ရန်သူ မိတ်ဆွေကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ညီညီညွတ်ညွတ် လက်တွဲ တော်လှန်ကြရမယ့် အချိန်အခါ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမယ့် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့်ပြည်တွင်း၊ ပြည်ပ ရှိ ချင်းလူမျိုးတွေအနေနဲ့ အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေနဲ့ စစ်မြေပြင်မှာ နေ့နေ့ညညတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်၊ ရဲမေတွေကို အောက်မေ့ အမှတ်ရပြီး တော်လှန်ရေးအောင်မြင်ရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ကြဖို့ CNA/ CNF က တိုက်တွန်းထားပါတယ်။

လက်ရှိအချိန် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ချင်းတော်လှန်ရေးတွေ တိုက်ပွဲဖြစ်ပွားနေပြီး ဖလမ်းမြို့ကို ပြန်မပေးရရေးအတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာ ငါးလတာကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ငါးလတာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ရာချီသေဆုံးပြီး ချင်း တော်လှန်ရေးအင်အားစုဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တာကို ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ချင်းပြည်နယ်မှာ ချင်းပြည်နယ်တောင်ပိုင်းဟာ အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုကနေ လွတ်မြောက်ခဲ့ပြီးဖြစ်သလို ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်၊ ဟားခါး၊ တီးတိန်မြို့တွေမှာသာ အာဏာသိမ်းစစ်တပ် တည်ရှိတော့တာဖြစ်ပါတယ်။

error: Content is protected !!